တစ်တောလုံးကြွေ (မောင်ဒေါင်း)

တစ်တောလုံးကြွေ (မောင်ဒေါင်း)
======================
မိုးစက်တွေက ဖွားဖွားဝေဝေ ကြွေကျနေကြဆဲ။

ကျွန်တော့်မှာ သူငယ်ချင်း ကဗျာဆရာရဲ့ တိုးညင်းညံ့သက်သော လေသံကို မိုးစက်ကြွေကျသံတွေ ကြားထဲ၌ မနည်းဘဲ နားထောင် နေရသည်။ သူငယ်ချင်း ကဗျာဆရာက “မိုးဥတုနောက်ခံ မဟုတ်လား” လို့ ကျွန်တော့်ကို မေးနေသည်။ ကျွန်တော်တို့ ထိုင်နေရာ ‘ပန်းပေါင်း’ လက်ဖက်ရည်ဆိုင်ကလေး သည်လည်း လူသူကင်းမဲ့ နေလျက် တောရ ကျောင်းသင်္ခမ်းကလေး တစ်ခုနှင့်ပင် ဆင်ဆင်တူနေပြန် တော့သည်။ မိုးစက်မှုန်မှုန်တွေ၊ စိန်ပန်းပွင့်ကြွေ တွေက လမ်းကလေးရဲ့ တစ်ဝက်တစ်ပျက်မှာ ရဲရဲလှုပ်နေလျက်။ မိုးရွာကြီးထဲ ဖြတ်နင်းသွားသော ဆိုက်ကား တစ်စင်းစ နှစ်စင်းစဖြင့် တောမြို့ကလေးသည် လွမ်းမောဖွယ် ကောင်းနေပြန်တော့သည်။ တစ်ခါတလေ ဟို အဝေး ‘ကျွန်းတော’ ဘက် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံတွေ ဝေဝေဝဲဝဲ စီးမျောလာလျှင် ကျွန်တော်လည်း နာကျင်ခြင်းကြီးသူ တစ်ယောက်လို ငြိမ်သက်မိနေတော့သည်။ သူငယ်ချင်း ကဗျာဆရာလည်း ‘တစ်တောလုံးကြွေ’ကို ကိုင်ရင်း ကျွန်တော့်လိုပင် ငြိမ်သက်နေပြန်တော့သည်။

ဪ ... ခုလောက်ဆိုလျှင် ရိုးမတစ်ခို၌ ယခုလို မိုးမည်းကြီးတမ ရွာချလို့ နေရောပေါ့။ ရိုးမတစ်ခိုမှာ မိုးတွေ ရွာရင်တော့ ဦးငပြားတို့၊ စောထူးလယ်တို့လည်း ထိုမိုးညို့ညို့ကြီး အောက်မှာ ရင်ခုန် နွမ်းလျနေကြ ပေရော့မည်။ ဦးလေးငပြားကတော့ ခါတိုင်းလိုပဲ “ဓားရှိရင် ဝါးခုတ်စားလို့ ရတယ်ဝေ့”လို့ ရခိုင်သံဝဲဝဲဖြင့် ပြောရင်း တဟားဟား ရယ်မောနိုင်ဦးမည်လား မပြောတတ်ပေ။ နောက်ဆုံး ... နောက်ဆုံးပေါ့လို့ ငှက်ဖျားကို သွေးနှင့် လွယ်ထားရသူ ကျွန်တော်က ရိုးမတောင်ကြီးကို စိတ်နှင့် နှုတ်ဆက်ဆဲ။ ကျွန်တော့် သစ်ဖောင်ကလေး သည်လည်း တောင်ကျရေ တငွေ့ငွေ့ဖြင့် စမ်းချောင်းကလေးအတိုင်း မျောနေဆဲ။ ကျွန်တော်တို့ပေါ်မှာ စောထူးလယ် မှီပြီး ရပ်နေတဲ့ တောင်သရက်ပင်ကြီး ပေါ်မှာ ဒီလိုပါပဲလေ။ ဟိုး ရိုးမတောင်ကြီးပေါ်မှာ၊  စမ်းချောင်းကလေး ပေါ်မှာ မိုးတွေကလည်း ဝေလို့ပေါ့။ ကျွန်တော်ကတော့ ဒီရိုးမတောင်ခြေက အပြီးအပိုင် ထွက်ခွာခဲ့ပြီလေ။ ကျွန်တော့်မှာ အင်အားကလည်း မရှိတော့။ သူငယ်ချင်း အပေါင်းအသင်းတွေ ဝိုင်းပေးလိုက်တဲ့ သစ်ကလေးတွေ ဖောင်ဖွဲ့၊ လှေကြုံလူကြုံနဲ့ အရှေ့ဘက်ကို သွားတော့မယ်လေ။ စောထူးလယ်ကတော့ ဘာမှ မပေးလိုက်နိုင်ပေမယ့် မင်းအတွက် ဘုရားသခင်ဆီမှာ ဆုတောင်း ပေးပါ့မယ်တဲ့လေ။ ကျွန်တော့် သစ်ဖောင်တော့ သူကော၊ ဦးလေးငပြားကော လာပြီး ကူဖောင်ပေးသေးတာပေါ့။ ကျွန်တော်လည်း တောင်ရေ လျော့သွားတဲ့ မိုးနှောင်းရက်တွေမှာ သစ်ဖောင် ထွက်နိုင်အောင် ကြိုးစားခဲ့ရတာ။ ခုတော့လည်း မိုးဝေဝေထဲ၌ ကျွန်တော့် ဖောင်စီးခရီးလည်း စတင်နိုင်ခဲ့လေပြီ။ သို့သော် ကျွန်တော့် ရင်ထဲမှာတော့ ဝမ်းနည်းလျက်။ ကြေကွဲနေလျက်။ ထိုစဉ် ဓားရှိရင် ဝါးခုတ်စားလို့ ရတယ်လို့ ပြောတတ်သော ဦးလေးငပြားက နောက်ကျစွာ ရောက်ရှိလာပြီး “သွားတော့ဝေ့ ကောင်လေးရေ ... သွားတော့ကွ၊ ငါတို့ကတော့ ငှက်တော ခွေးတောထဲမှာ မွေးတဲ့ ကောင်တွေပဲကွာ၊ ငှက်တော ခွေးတော ထဲမှာပဲ နေခဲ့ရမပေါ့” လို့ ကျွန်တော့်ကို ဟစ်အော်​ နှုတ်ဆက် နေခဲ့တာ။ ကျွန်တော်လည်း အနောက်ရိုးမကို နင့်နင့်နာနာ လွမ်းနေမိသည်။

ဪ ... မိုးစက်ဝေဝေ၊ သစ်ကလေး တစ်ဖောင်နှင့် ရိုးမအလွမ်းပေတကား။

“ဟုတ်တယ်ဗျာ ... ကျွန်တော်တော့ ချောင်းဖျားမှာ မိုးညို့လာရင် မိုးဒေဝါကို ရှိုက်ကြီးတငင် ပစ်ဆိုမိတော့တာပဲ” လို့ ပြောနေမိသည်။ “ရင်ထဲပေါ့သွားအောင်ပေါ့” လို့ ကျွန်တော် ဆက်ပြောမိတော့ သူငယ်ချင်း ကဗျာဆရာက ကျွန်တော့်စကားကို နားမလည်သလို တွေဝေသွားပေသည်။ နောက်တော့ ကျွန်တော်တို့ စကားဝိုင်းကလေးလည်း အတန်ငယ် တိတ်ဆိတ်သွားပေသည်။ သူငယ်ချင်း ကဗျာဆရာက “ကျွန်တော့်ရဲ့ ‘တစ်တောလုံးကြွေ’ ဝတ္ထုတို စာမူကလေးကို ဟိုလှန် သည်လှန် လျှောက်လှန်ဆဲ။ တစ်နေရာ၌ သူ့မျက်လုံးတွေလည်း စိုက်နစ်သွားတာ ကျွန်တော် သတိထားလိုက်မိပေသည်။ ထို့နောက် သူက “သစ်တောင်မှ ရေမျှောသစ်ကယ်လို့ ရှိသေးလား” လို့ ကျွန်တော့်ကို မေးလိုက်ပေသည်။

“ဘာဗျ”

သူ့အမေးကြောင့် ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ခုန်သွားပေသည်။

“ဩော် ... သစ်တောင်မှ ရေမျှောသစ်ကယ်လို့ ရှိသေးလားလို့ မေးတာပါ”

ကျွန်တော်ကား သူငယ်ချင်း ကဗျာဆရာရဲ့ အမေးကို မဖြေချင်တော့။ ဦးလေးငပြားကို သတိရလာသည်။ စောထူးလယ်ကို သတိရလာသည်။ ရိုးမတောင်စွယ် တောင်ငယ်ကလေး တစ်ခုပေါ်မှ ‘ငြုပ်ကောင်း’ ဆိုတဲ့ ရွာကလေးကို သတိရလာသည်။ ငြုပ်ကောင်း တောင်ခြေ၊ ကြေကွဲဖွယ်မှ၊ တစ်ခန်းမရပ်၊ အလွမ်းဇာတ်လည်း၊ စီးဆင်းဆဲပေါ့” လို့ ကျွန်တော် စပ်ဆိုခဲ့ဖူးသော ကဗျာအပိုင်းအစကို သတိရလာသည်။

တစ်ရံရောက ငြုပ်ကောင်း တောင်ခြေ၌ မိုးတွေ ရွာလေလျှင် “မိုးရွာရင်နော်ဗျာ ခင့်ကို ဘာနဲ့ ထွေးပါ့မယ်” လို့ အသံဝါကြီးဖြင့် ဟစ်အော် သီဆိုလိုက်သော ဦးလေးငပြားရဲ့ သီချင်းသံက ငြုပ်ကောင်း ရွာကလေးထဲ တစ်နေ့မဟုတ် တစ်နေ့ လွင့်မျောနေတတ်ပေသည်။ ထိုအခါက ဦးလေးငပြားသည် ဆံပရူး အရက်ဖြင့် ထာဝရ မူးရီနေလျက်။ သူ့ခေါင်းတုံး ပြောင်ပြောင်ကြီးကို ပုဆိုးအဟောင်းတစ်ထည် ပေါင်းထားလျက်။ သူ့ခန္ဓာကိုယ် အထက်ပိုင်းသည် ခါတိုင်းလိုပဲ ဗလာကျင်းနေလျက်။ ထိုအခါက ကျွန်တော်သည် လည်းကောင်း၊ စောထူးလယ်သည် လည်းကောင်း ဦးလေးငပြားကို ကြည့်ကာ ရီဝေကြေကွဲ သွားတတ်ပေသည်။ ဦးလေးငပြားရဲ့မိန်းမ အရီးစိန်ကတော့ “နင့်ဦးလေးတော့ ဒီဝေဒနာနဲ့ပဲ ရူးတော့မယ် တူပါရဲ့” လို့ ထိုရက်တွေ အတွင်းက ကျွန်တော့်ကို တတွတ်တွတ် ပြောနေတတ်ပေသည်။ ထိုအခါက ရွာကလေးသည် မိုးရိပ်အောက်၌ တိတ်ဆိတ်ငြိမ်သက်နေလျက်။ တစ်ခါ တစ်ခါ ဟိုး ‘သီဟဗလ’တောင်ခြေက သစ်ချဆိပ်ဘက်ဆီမှ သစ်ဆွဲသံတွေ၊ ကျွဲမောင်းသံတွေ၊ ဆင်အော်သံတွေသာ ရွာကလေးထဲသို့ အသံဗလံအဖြစ် ဝင်လာတတ်ပေသည်။

ထိုရက်တွေအတွင်း၌ ကျွန်တော်က စောထူးလယ်တို့ အိမ်သို့ ရောက်နေသလို စောထူးလယ်ကလည်း ကျွန်တော်တို့ အိမ်သို့ ရောက်နေတတ်ပေသည်။ ကျွန်တော်တို့နှစ်ယောက် ဘယ်သူ့အိမ် ရောက်နေနေ ဦးလေးငပြားကတော့ တွေ့အောင်ရှာ၍ လိုက်လာတတ်ပေသည်။ ထိုသို့ သူလာသောအခါတိုင်း၌ သူရောက်မလာခင် “မိုးရွာရင်နော်ဗျာ၊ ခင့်ကို ဘာနဲ့ထွေးရပါ့မယ်” ဆိုတဲ့ အသံဝါကြီးက ဦးစွာလွင့်မျော လာတတ်ပေရာ ကျွန်တော်တို့မှာလည်း စိတ်မကောင်းနိုင်ကြတော့။ ထိုအခါမျိုး၌ စောထူးလယ်လည်း သူတို့အိမ်နားက သူတို့ရဲ့ ဘုရားကျောင်းကလေးကို တိတ်တဆိတ် ငေးနေပြန်တော့သည်။ ထို့နောက် သူက အက်ကွဲဆို့နင့်သော အသံဖြင့် “ငါလဲ ဦးလေးငပြားအတွက် ဘုရားသခင်ဆီမှာ ဆုတောင်းပေးရဦးမယ်ဝေ” လို့ ပြောနေတတ်ပြန်သည်။ ထိုစဉ် ဦးလေးငပြား သူ့အိမ်ထဲ ဝင်လာလျှင် စောထူးလယ်က သူချက်ထားသော ဆန်ပရူးအရက်တစ်လုံး ထုတ်လာပြီး ဦးလေးငပြားကို တိုက်ပြန်လေတော့သည်။ ဦးလေးငပြားသည် စောထူးလယ် ချပေးသော အရက်ပုလင်းကို တစ်ချက်မော့လိုက်ကာ “ကျွဲမရှိတော့လဲ ရေမျှောသစ် လုပ်ရတာပေါ့ကွာ” လို့ ကျွန်တော်တို့ကို ပြောနေပေသည်။

“မင်းတို့အဖွဲ့ထဲ ငါ့ပါ ထည့်လိုက် အကောင်တွေရေ့၊ မင်းကလဲ ကျွဲမရှိ၊ စောထူးလယ်ကလဲ ကျွဲမရှိ၊ ခု ငါ့မှာလဲ ကျွဲမရှိ၊ ဒီတော့ ရေမျှောကြရုံပေါ့ကွယ့်၊ ဘာလဲ စောထူးလယ် ဆိုဆိုနေတဲ့ မန္တလေးကျုံးရေ မခန်းသမျှတော့၊ မန္တလေးကျုံးရေ မခန်းသမျှတော့ မှုတ်ဘူးလား၊ ဟား ... ဟား ... ဟား”

ဦးလေးငပြားက နတ်ဝင်သည် တစ်ယောက်လို ကိုယ်ကို ယိမ်းလှုပ်ကာ ရယ်မောနေပြန်တော့သည်။

ဪ ... ရေမျှောသစ်၊ ဆန်ပရူးအရက်နှင့် ကွဲနေသော မှန်စများပေတကား။

ဦးလေးငပြား၏ ရယ်သံအဆုံး၌ မိုးကြီးတမ ဝေါခနဲ ရွာချလိုက်ပြန်သည်။ ကျွန်တော်က မိုးစက်တွေကြား၌ ဝေသွားသော ရိုးမတောင်ကြီးကို ငေးနေလိုက်မိသည်။ စောထူးလယ်လည်း ကျွန်တော့်လို ငေးနေလျက်။ ထိုစဉ် မိုးသက်လေက ဝှေ့လာပေရာ စောထူးလယ်ရဲ့ အိမ်ကလေးကို ဝိုင်းပတ်ထားသော ငှက်ပျောတောကြီးလည်း တဖျောဖျော မြည်နေတော့သည်။ ဦးလေးငပြားသည်လည်း ကျွန်တော်တို့လိုပင် ရိုးမတောင်ကြီးကို ငေးမောနေရင်းက ဆန်ပရူးအရက်ကို နောက်တစ်ချက် မော့သောက်ကာ “မင်းတို့ သစ်ဘယ်နှစ်လုံး စုလို့ ရပလဲ၊ များရင် ငါ့လဲ ချေးကြစမ်းပါဦးကွာ၊ ဒါမှလဲ မင်းတို့နဲ့အတူ မျှောနိုင်မှာ၊ နောက်တော့ ငါ မင်းတို့သစ်ကို အစားပြန်လှဲပေးမှာပေါ့” လို့ တတွတ်တွတ် ပြောနေပြန်တော့သည်။

ထိုအခါ စောထူးလယ်က သူ့ဆံပင်ရှည်ကြီးတွေ ယိမ်းလှုပ် သွားအောင် ခေါင်းကို ခါယမ်းနေရင်း ဦးလေးငပြားရဲ့ လက်ကျန် ဆန်ပရူးကို ပုလင်းလိုက် မော့လိုက်ပေသည်။ ထို့နောက် သူက ရီနေသော သူ့မျက်လုံးကြီးတွေကို မှေးစင်းကာ “ဦးလေးပြားကလဲ ဒီလောက်မိုးရွာနေတာ နင်က သစ်မျှောချင်သေးလို့လားဝေ၊ နင်က နင့်ကျွဲ သေပြီးတာ မကြာသေးဘူး သစ်ဆုံးချင်ပြန်ပလား” လို့ ပြောနေပြန်တော့သည်။ ကျွန်တော်က ဘာမှ ဝင်မပြောမိ။ ကျွန်တော့်မှာ သည်ရက်အတွင်း မိုးတွေ တစ်အား ရွာနေတာကိုပဲ မကျေမနပ် ဖြစ်နေမိသည်။ မိုးရွာလျှင် တောင်ရေ တစ်အားကျ၍ ကျွန်တော်တို့မှာ သစ်မမျှောနိုင်ကြ။ မိုးက ဘယ်နှစ်ရက် ဆက်စွေနေဦးမည် မသိ။ ကျွန်တော့် ရင်ထဲ၌ လေးသိပ် ပင်ပန်းနေပေသည်။ ဦးလေးပြားကတော့ သူ့ကို သစ်ချေးပါဦးတဲ့လေ။ ဪ ... ချေးရမှာပေါ့လို့ ကျွန်တော်က ရင်ထဲ၌ မြည်တမ်းမိဆဲ။ သူ့ကျွဲတွေ သေစဉ်က မျက်ရည် ရစ်ဝဲကြီးနဲ့ ကျွန်တော်တို့ကို အမဲဖျက်ဖို့ လာခေါ်တာ၊ အမဲဖျက်ပြီးတော့ အမဲချေးခါး တစ်အိုးကြီးနဲ့ မူးအောင် သောက်ပစ်ကြတာ၊ နောက်ဆုံး ဦးလေးပြားလည်း မူးရီကြေကွဲနေလျက် “ဖြစ်သမျှအကြောင်းပဲပေါ့၊ မွေးလာတုန်းကလဲ ကိုယ့်မှာ ဘာပါခဲ့တာ မှတ်လို့” ဟု ပြောနေပြန်ပေသည်။ ဦးလေးငပြားကား သူ့ကိုယ်သူ နှစ်သိမ့်နေဟန် တူပေသည်။ သို့သော် သူ့စကားက သည်တွင် မရပ်သေး။

“အေးဝေ၊ မွေးကတည်းက ဘာမှ မပါသလို ဟောဒီ ပါးစပ်နဲ့ ဟောဒီဗိုက် ပါမလာရင်း ကောင်းမှာနော်”
“ဘယ်လိုဝေ၊ ဦးလေးငပြားရဲ့”

ဦးလေးငပြားရဲ့ စကားသံ၌ စောထူးလယ်လည်း အံ့ဩတုန်လှုပ် သွားဟန် တူပေသည်။ သို့သော် ဦးလေးငပြားက ဘာမျှပြန်မပြောတော့။ မြင်ကွင်းများ၊ အသံများ၊ စကားလုံးများ ကြား၌ ကျွန်တော်တို့သည် စိတ်မကောင်းနိုင်ကြတော့။ ဦးလေးငပြားရဲ့ ကျွဲတွေက တစ်ကောင့်တစ်ကောင် ခတ်ရင်း သေခဲ့တာလေ။

နောက်ဆုံးတော့လည်း ဦးလေးငပြားက “ငါ့အဖေ မသေခင်က ပြောသလို နွားမရှိလဲ ဓားရှိ ဝါးခုတ်စားလို့ ရတာပဲ မှုတ်ဘူးလား” ဆိုပြီး  ရယ်လိုက်တာလေ။ ဦးလေးငပြားရဲ့ မိန်းမ အရီးစိန်ကတော့ သူ့စရိုက်အတိုင်း မထုံတက်တေး။ အရီးစိန်ကား လောကဓံရဲ့ အထုအထောင်း အောက်၌ မာကျောသွားပြီလား၊ ထုံကျင်သွားပြီလား မသိ။ ဦးလေးငပြားက သူ့ကျွဲတွေအတွက် ကြေကွဲ မူးရီနေတဲ့ ရက်တွေအတွင်း အရီးစိန်က ဖက်ခူးထွက်နေလေရဲ့။ တောင်စွန်း ဖက်တွေ တရွက်ကြီးနှင့် အရီးစိန်က “ပါးစပ်က လှုပ်နေတယ်မှုတ်လား” လို့ ကျွန်တော့်ကို ပြောတတ်ပေသည်။

ကျွန်တော်ကား အမေအရွယ် ထိုမိန်းမကြီးအတွက် ဘယ်လို ခံစားရသည်ကို ယခု ပြန်မပြောချင်တော့ပါ။ ဖက်ခူးလမ်းကလေးတွေသည် ပကတိ ကျဉ်းမြောင်းနေလျက်။ ဆံပင်ဖြူဖြူ၊ ပိန်ပိန်ပါးပါး မိန်းမကြီးသည် လမ်းကျဉ်းကလေးအတိုင်း ချုံထဲသို့ တိုးဝင်ကာ နောက်ဆုံး ပျောက်ကွယ်သွားလျက်။ နေ့များသည် ဖြတ်သန်းသွားနေကြသည်။ ညနေ နေရီလျှင် ဓားကတစ်ဖက်၊ ဖက်စည်းကိုရွက်ထားသော မိန်းမများသည် မနက်က ဝင်သွားသော လမ်းကလေးအတိုင်း ပြန်ထွက်လာကြပေသည်။ ထိုအခါက နေ့များ၌ မိုးရွာလျှင် သူတို့ တစ်တွေလည်း မိုးတွေ ခိုနေလျက်။ သူတို့သည် အိမ်ရောက်လျှင် နွေးသွားအောင်တော့ မီးလှုံချင်လှုံ သို့မဟုတ် ဆန်ပရူး တစ်ခွက်လောက်တော့ မော့ကြပေလိမ့်မည်။ ဪ ... ပါးစပ်လှုပ်သလို လက်လှုပ် သူများပါပေ။

နောက်ဆုံးတော့လည်း ကျွန်တော်တို့သည် မိုးပါးသောရက် တစ်ရက်၌ သစ်မျှောရန် ချောင်းဖျားသို့ တက်ခဲ့ကြလေတော့သည်။ ထိုအခါက မိုးဇာအလွှာပါးပါးကလေး အောက်၌ ငြုပ်ကောင်းရွာကလေးသည် လွမ်းမောဖွယ် ကောင်းနေပြန်တော့သည်။ မြင့်ကျိုင်းသော တောင်သရက်ပင်ကြီးတွေက ရွာကလေးကို ထီးများလို အုပ်မိုးထားလျက်။ ကျွန်တော်တို့ကား ခါးကြားတွင် ဝါးကိုယ်စီ ထိုးထားလျက်။ ဦးလေးငပြားကတော့ သစ်တွေသီရန် နွယ်ကြိုးခွေကို လည်ပင်းတွင် စွပ်ထားလျက်။ ကျွန်တော်တို့ကား လှဲပြီးသား၊ ဖြတ်ပြီးသား သစ်တွေကို နဖားပေါက် ဖောက်ပြီးပြီမို့ ‘နဖားပေါက်’ ယူမလာခဲ့တော့။ ကျွန်တော်တို့သည် သင်္ချိုင်းကလေး အစသို့ ရောက်သောအခါ တောင်ဆင်းလမ်းကလေး အတိုင်း ဆင်းခဲ့ကြတော့သည်။ ငြုပ်ကောင်းရွာကလေးက ကျွန်တော်တို့အပေါ်တွင် တစ်စတစ်စ ကျန်ရစ်နေတော့သည်။ တောင်ဆင်းလမ်းကလေး ဆုံးသွားတော့ တစ်မျှော်တစ်ခေါ် ကွင်းကြီးတစ်ကွင်း။ ကျွန်တော်တို့ကား ထိုစားကျက်ကြီးကို ဖြတ်သန်းရပေဦးမည်။ ထိုကွင်းကြီး ဆုံးလျှင်တော့ ‘ကိုလူပွဲ’ပေါ့။ ကိုလူပွဲက စမ်းပေါက်တစ်ခုမှာ ကျွန်တော်တို့ သစ်တွေ ချထားပြီးနေပြီ။ ကျွန်တော်တို့သည် ရိုးမတောင်ကြီးတွေနှင့် တစ်စတစ်စ နီးလာနေတော့သည်။ ရိုးမတောင်ကြီးတွေက ပြာမှိုင်းနေလျက်။ တချို့တောင်တွေပေါ်မှာတော့ မြူခိုးတွေ ဖြူစို့စို့ ဝေနေလျက်။ ဟိုးအမြင့်ဆုံး ‘ဒီပါရုံ’ တောင် ပေါ်မှာတော့ ပြာမှိုင်းသော မိုးခဲတစ်စပါလား။ ထိုမိုးခဲတစ်စက ကျွန်တော့်ရင်ကို လှိုက်ခနဲ ခုန်သွားစေသည်။ ဒီလိုဆိုလျှင် ဒီနေ့လည်း တို့  သစ်မျှောနိုင်ပါဦးမလား။ ကျွန်တော်ကား ခံစားလွယ်သူ တစ်ယောက်လို ဖြစ်နေတော့သည်။ ကျွန်တော့်မှာ ထိုမိုးခဲလေးတစ်စအတွက် ထိခိုက်ခံစားလာနေရသည်။

“ဟို ဒီပါရုံတောင်ပေါ်မှာ မိုးခဲတစ်စပါလား ဦးလေးငပြားရဲ့”

ကျွန်တော်က ဦးလေးငပြားကို ပြောလိုက်မိပေသည်။ ဦးလေးငပြားကလည်း ကျွန်တော့်စကားကို နားလည်ဟန် တူပေသည်။  ဦးလေးငပြားကော၊ စောထူးလယ်ကော ဟို ဒီပါရုံတောင်ပေါ်သို့ ဝေငေးသွားကြလျက်။ နောက်ဆုံးတော့ ဦးလေးငပြားက “ဒီနေ့ တို့လို သစ်မျှောမယ့်သူတွေ တို့ရှေ့က တက်သွားတာ အများကြီးပဲ၊ မိုးပြိုလဲ အများပေါ့ကွာ”လို့ ပြောနေပေသည်။ ကျွန်တော်တို့ သုံးယောက်လည်း စားကျက်ကြီးထဲ တစိုက်စိုက် လျှောက်နေမိဆဲ။ ကျွန်တော့်ရင်ထဲလည်း ဆွတ်ဆွတ်ကျင်ကျင် ခံစားလာရကာ ‘မိုးဒေဝါ’ ကို ရှိုက်ကြီးတငင် ဟစ်ဆိုလိုက်မိသည်။ ထိုအခါက ကျွန်တော့်သီချင်းသံတွေလည်း ပကတိ ကြေကွဲနေပေလိမ့်မည်။ ကျွန်တော်တို့လည်း သည်မိုးသည်လေ အတိုင်းဆို တော်တော်နှင့် သစ်မျှောနိုင်ကြဦးမည်လား မသိပါ။ ကျွန်တော်လည်း အရီးစိန်ပြောသော “ပါးစပ်က လှုပ်နေတယ် မဟုတ်လား” ဆိုသော စကားစကို သတိရလာသည်။ ကျွန်တော်တို့သည် အပိုအလျှံရှိသူများ မဟုတ်ကြပါ။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သူများ ဖြစ်ပေသည်။ တကယ်တော့လည်း ကျွန်တော်တို့သည် အမျိုးမျိုး လုပ်ကိုင်စားသူများ ဖြစ်ကြပါသည်။

တချို့ကား ကျွဲသစ် လုပ်သည်။ တချို့ကား ရေမျှောသစ် လုပ်သည်။ တချို့ကား သစ်ဆွဲလိုက်သည်။ တချို့ကား သစ်လှဲလိုက်သည်။ တချို့ကား ပိုတန်းခုတ်သည်။ တချို့ကား နွယ်နုတ်သည်။ အချို့ကား သစ်ဖောင်လိုက်သည်။ တချို့ကား အမဲလိုက်သည်။ တချို့ကား မျောက်ပစ်သည်။ တချို့ကား မျောက်သွေးရောင်းသည်။ တချို့ကား ဖက်ခူးကြသည်။ တချို့ကား တောစင်ကွေ၌ လွှဆွဲလိုက်သည်။ တချို့ကား ကြိမ်ခုတ်ကြသည်။ တချို့ကား ဝါးခုတ်ကြသည်။

သူတို့ကား အိမ်ရှိသူများ ဖြစ်ကြပေသည်။ သူတို့ကား သားရှိသူများ ဖြစ်ကြပေသည်။ မယားရှိသူများ ဖြစ်ပေသည်။ ဘုရားရှိသူများ ဖြစ်ပေသည်။ ချစ်သူရှိသူများ ဖြစ်ပေသည်။ သူတို့ကား ထိုသား၊ ထိုမယား၊ ထိုဘုရား၊ ထိုချစ်သူများကို ပစ်ခဲ့ကာ ရက်အတန်ကြာအောင် တောသို့တက်၍ အလုပ်လုပ်ရပေသည်။ သူတို့ကား တောသို့ တက်ရာ၌ ဆန်ပါသည်။ စားအိုးစားခွက် ပါသည်။ အရက်ပါသည်။ ထမင်းချက်စားကြသည်။ စားပြီးလျှင် နီးစပ်ရာ အစုအဖွဲ့တွေနှင့် သစ်ရှာထွက်ကြသည် သူတွေ့လျှင် သူ့အပင် ။ ကိုယ်တွေ့လျှင် ကိုယ့်အပင်။ ကိုယ့်အမှတ်အသားကို ကိုယ်မှတ်ကြသည်။ ပြီးလျှင် လမ်းဖောက်ကြသည်။ ကိုယ့်အပင်ကို သူကူလှဲပေးသည်။ သူ့အပင်ကို ကိုယ်ကူလှဲပေးသည်။ သူ့အပင်က သစ်ပုတ်ဖြစ်ချင် ဖြစ်မည်။ ကိုယ့်အပင်က မဟော်ဂနီ ဖြစ်ချင်ဖြစ်မည်။ ပိန္နဲဖို ဖြစ်ချင်ဖြစ်မည်။ အောက်ချင်းစာ ဖြစ်ချင်ဖြစ်မည်။ ကြက်တူရွေးစာ ဖြစ်ချင်ဖြစ်မည်။ သူတို့ကား မောသွားလျှင် ဆန်ပရူး အရက်ကို သောက်ချင်သောက်မည်။ သူတို့ကား တောထဲ၌ အနေကြာလာသောအခါ သူတို့သည် အိမ်ကို လွမ်းလာကြသည်။ သားကို လွမ်းလာကြသည်။ မယားကို လွမ်းလာကြသည်။ ချစ်သူကို လွမ်းလာကြသည်။ ထိုအခါ သူတို့သည် ညတိုင်းလျှင် အသင့်ဖိုထားသော မီးဖိုဘေးတွင် စုဝေးကြသည်။

ထိုအခါမျိုး၌ နေ့လယ်က တောကောင်တစ်ကောင် ရထားလျှင် ဝိုင်းသည် ပို၍စိုပြည်တတ်သည်။ ညလေထဲ၌ သားကောင်ကို မီးသင့်ရနံ့က ခဲခဲပျစ်ပျစ် ပျော်ဝင်နေတတ်သည်။ အရက်ကျန်သေးလျှင် အရက်သောက်မည်။ အရက်သောက်၍ မူးရီလာလျှင် သီချင်းဆိုမည်။ (သို့သော် ထိုအုပ်စုထဲ၌ မပါဘဲ သီးသန့်မီးဖိုကလေးတစ်ဖို ဘေး၌ ပရိတ်ရွတ်သူ၊ ဘုရားရှိခိုး ရွတ်ဆိုသူတွေလည်း ရှိပေမည်။)

နောက်ဆုံးတော့လည်း သူတို့သည် မောမောပန်းပန်းနှင့် ကောင်းကင်ကို အမိုးလုပ်ကာ ထိုမီးဖိုကြီးဘေး၌ပင် အိပ်မက်မဲ့ အိပ်ပျော်သွားပေလိမ့်မည်။

ဪ ... အနောက်ရိုးမရဲ့ အလွမ်းညများပေတကား။

ကျွန်တော်တို့သည် ကျောက်ကြမ်းတောကြီး တစ်တောကို လွန်သောအခါ ကျွန်တော်တို့ လှဲပြီးသား သစ်တွေထားရာ စမ်းချောင်းကလေးသို့ ရောက်တော့သည်။ ဦးလေးငပြားက ကျွန်တော်တို့လှဲပြီး စုထားသော သစ်တွေကို တွေ့သောအခါ “ဟာ ... သစ်ပုတ်တွေပါလားကွ” လို့ ပြောရင်း သူ့လည်ပင်းတွင် စွပ်ထားသော နွယ်ကြိုးခွေကို ဖြေတော့သည်။

“တစ်ယောက်နှစ်လုံးတော့ မျှောကြတာပေါ့”

ကျွန်တော်က ပြောလိုက်မိပေသည်။ ကျွန်တော်တို့သည် စမ်းချောင်းစပ်က ကျောက်စရစ်ခုံကလေးပေါ်၌ ရပ်နေမိကြလျက်။ စမ်းရေက ကျောက်စရစ်ခုံကလေးကို ဖြတ်ပြီး စီးဆင်းနေသည်။ ထိုကျောက်စရစ်ခုံကလေးတွေကို ကျွန်တော်တို့က ‘ဇင်း’ လို့ ခေါ်ကြပေသည်။ ထိုစမ်းချောင်းတစ်လျှောက်၌ ဇင်းပေါင်းမြောက်မြားစွာ ရှိပေသည်။ သစ်မျှောရာ၌ ကျွန်တော်တို့သည် စမ်းချောင်းတစ်လျှောက် သစ်လုံးကိုထိန်းရင်း၊ ကမ်းပါးနှင့်မတိုက်အောင် ဖြောင့်ပေးရင်း သစ်လုံးကိုစီး၍ လိုက်သွားလို့ ရသော်လည်း ဇင်းကိုကျော်အောင်တော့ ကျွန်တော်တို့က လူအားနှင့် တွန်းရွှေပေးရသည်။

ဦးလေးငပြားသည် နဖားပေါက်တွေထဲသို့ နွယ်ကြိုးကား သစ်တွေကို နှစ်လုံးတစ်တွဲ တွဲလိုက်ပေသည်။ ကျွန်တော်တို့ကား ပုဆိုးတွေကို လည်ပင်းတွင် ရစ်သိုင်းလိုက်ကြတော့သည်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကား မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်သွားကြတော့သည်။ ကျွန်တော်တို့သည် သစ်လုံးတွေကို ဇင်းပေါ်မှ တွန်းချပြီးသောအခါ ဓားတွေကို သစ်ကုန်း(သစ်တုံး?)နောက်မှီးတွင် ပစ်စိုက်လိုက်ကြပြီး နွယ်ကြိုးကိုကိုင်ကာ သစ်လုံးပေါ်မှ ဖော့၍ လိုက်ခဲ့ကြတော့သည်။

ချောင်းရေကတော့ ဟိုရက်က ရွာထားသော မိုးအရှိန်ကြောင့် အားကောင်းကောင်း စီးနေဆဲ။

ဓားကလေးတွေ စိုက်ထားသော သစ်လုံးတွေက ရေစီးအားဖြင့် တရိပ်ရိပ် မျောကြလေပြီ။ ကျွန်တော်တို့ကား သစ်မျှောရာတွင် ဓားမပါ၍ မရကြ။ မိုးတွင်းမို့ ချောင်းရေက မြင့်နေပေရာ ချောင်းစပ်က သစ်ပင်တွေကလည်း ချောင်းရေ၌ တစ်ဝက်နစ်မြုပ်နေလျက်။ အကယ်၍ မျှောနေဆဲ သစ်လုံးတွေနှင့် ချောင်းစပ်ကချုံတွေ ငြိနေလျှင် သစ်လုံးပေါ်မှာ ဓားကိုနုတ်ကာ ခုတ်ဖြတ်ကြရလေသည်။

ကျွန်တော်တို့ကား ကျွန်တော်တို့သစ်တွေကို ရေ၌မျှောခဲ့ကြလေပြီ။

ကျွန်တော်တို့နောက်မှာလည်း မျှောသူတို့ မျှောလာနေကြသည်။ ထိုအခါမျိုး၌ စမ်းချောင်းကလေးသည် သစ်မျှောသူတို့၏ အသံတွေဖြင့် ဆူညံနေတတ်ပေသည်။ စမ်းချောင်းဘေးရှိ သစ်ဆွဲလမ်းကလေးမှာလည်း သစ်အောင်းသံတွေ၊ ကျွဲမောင်းသံ၊ ကျွဲရပ်ခိုင်းသံ ‘တဘောဘော’နှင့် ရိုးမ၏ ဂီတသည် မလှမပ မြည်နေတော့သည်။ ထိုစဉ် ကျွန်တော့်ရှေ့မှ မျှောသွားသော စောထူးလယ်က “ဝေ့ကောင်ရေ၊ ချောင်းဖျားမှာ မိုးရွာပြီနဲ့တူတယ်၊ ချောင်းရေက စောစောကထက် ပိုစီးလာသလိုပဲဝေ့” လို့ ကျွန်တော့်ကို အော်ပြောနေသည်။ ထိုစဉ် အနောက်ဘက် သစ်မျှောသူများထံမှ “တောင်ရေကျလာပဟေ့” ဆိုသော ပဲ့တင်သံကြီးက စမ်းချောင်းတစ်လျှောက် ကြောက်မက်ဖွယ်ရာ လွင့်မျောလာနေသည်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းသည်။ တောင်ရေက ဒလဟော လိမ့်ဆင်းလာနေသည်။ ကျွန်တော်တို့သည် သစ်တုံးတွေကို​ နီးစပ်ရာအပင်တွင် ဆွဲချည်ချိန် မရလိုက်ကြ။ သစ်တုံးနောက်မြီးတွင် စိုက်ထားသော ဓားတွေကိုနုတ်ချိန် မရလိုက်ရ။ လူတွေပါ ချောင်းရေထဲ မျောမသွားအောင် နီးရာစမ်းပေါက်ကနေ ကုန်းပေါ်သို့ တက်ခဲ့ရတော့သည်။

ကျွန်တော်တို့ သစ်တုံးတွေကား အတားဆီးမဲ့ မျောချင်ရာသို့ မျောသွားကြတော့မည်။ တချို့သစ်တွေလည်း ‘ဂုတ်’ထဲသို့ ဝင်သွား ကြပေလိမ့်မည်။ ကျွန်တော်တို့သည် တစ်ခုသော စမ်းချောင်းဘေးက သစ်ပုတ်ပင်ကြီး အောက်၌ လူပြန်စုမိကြသောအခါ မိုးကြီးတမက ရွာချလာပြန်တော့သည်။ ရိုးမတောင်ပေါ်၌ ရွာသောမိုးသည် ကျွန်တော်တို့ဆီ ရောက်လာပေပြီ။ ကျွန်တော်တို့ကား လည်ပင်းတွင်သိုင်းထားသော ပုဆိုးတွေကိုလည်း ပြန်ဝတ်ရန် မေ့လျော့နေကြသည်။ ကျွန်တော်တို့ ရေမျှောသူ လူအုပ်ကြီးမှာလည်း မနည်းကြ။ ကျွန်တော်တို့သည် မတိုင်ပင်ပါပဲလျက် တစ်ပြိုင်နက်တည်း ဝမ်းနည်းကြေကွဲရိပ်တွေ သန်းလာနေကြသည်။

ထိုစဉ် ဦးလေးငပြားက ကြောက်မက်ဖွယ်ရာ တဟားဟား ရယ်မောလိုက်ပေသည်။ ကျွန်တော်တို့ကား သူ့ကို နားမလည်ကြ။

“ဟုတ်တယ်လေကွာ၊ ရယ်တော့ရယ်စရာ အကောင်းသား၊ ကျွဲမရှိလို့ ရေမျှောသစ် လုပ်တယ်၊ ရေမျှောသစ်လုပ်တော့ တောင်ကျရေနဲ့ တိုးတယ်၊ ဓားရှိရင် ဝါးခုတ်စားလို့ ရတယ်လို့ ပြောရအောင်ကလဲ ဓားတွေလဲ သစ်တုံးတွေနောက် ပါသွားပြီ”

ဦးလေးပြေားက မိုးသံတွေကြားထဲ စူးထွက်လာအောင် စကားကို အော်ပြောနေသည်။

“ဟေ့... အဲဒီတော့လဲ ဘာဖြစ်လဲကွာ မဟုတ်ဘူးလား၊ ဓားမရှိတော့ တို့မှာ လက်တွေ ရှိသေးတယ်၊ အဲဒီတော့ တို့ရှိတဲ့ လက်တွေနဲ့ နွယ်နုတ်ကြတာပေါ့ မဟုတ်ဘူးလား” ဟု ဆိုကာ ပုဆိုးမဝတ်ထားသော ခန္ဓာကိုယ်ကြီး ယိမ်းလှုပ်ကာ ကာဟားဟား ရယ်မောနေပြန်သည်။ မိုးရေထဲက အနောက်ရိုးမ။ ဦးလေးငပြားရဲ့ ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီး။ မိုးသက်လေထဲ၌ ယိမ်းလှုပ်နေသော သစ်ပင်ကြီးတွေ။ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်ကြီးတွေနှင့် ကြေကွဲ ဝမ်းနည်းနေသော ကျွန်တော်တို့တစ်တွေ။ ကျွန်တော်တို့ကား ဂန္ထဝင် အလွမ်းဇာတ်ရှည်ကြီး တစ်ပုဒ်ထဲ ရောက်နေသလိုပင်။ အကယ်၍ ဤမြင်ကွင်းသည် ဂန္ထဝင်အလွမ်းဇာတ်ရှည်ကြီး တစ်ပုဒ်နှင့် ဆင်ဆင်တူလျှင် ထိုအပိုင်းသည် ဇာတ်၏ အထွတ်အထိပ်ပိုင်းပင် ဖြစ်ပေလိမ့်မည်။

ကျွန်တော်တို့သည် ထိုဇာတ်အထက်ပိုင်း(အတက်ပိုင်း?)ကို မည်သို့ခြေချ(ဖြေချ?) ရမည်ကို မသိကြပေတကား။

လွန်ခဲ့သော တစ်ရံရောက ကျွန်တော်သည် ထိုအကြောင်းအရာကို ကဗျာရေးမည် ပြုဖူးလေသည်။ သို့သော် ကဗျာက ထိုအကြောင်းအရာကို ကဗျာအဖြစ် လက်မခံပြန်။ ထိုအခါ ကျွန်တော်လည်း မတတ်နိုင်တော့လို့ ထိုအကြောင်းအရာကို ဝတ္ထုတိုကလေး အဖြစ် ဖန်တီးလိုက်မိပေသည်။ သို့သော် ခံစားမှုဖြင့် စိပ်မှုန်သော ထိုဝတ္ထုတိုကလေးသည် ကျွန်တော်  ကြိုးစား မဖန်တီးပါလျက် ကဗျာတစ်ပုဒ်နှင့် ဆင်ဆင်တူနေတာကို တွေ့ရပေတော့သည်။

ဪ ... တစ်တောလုံးကြွေ၊ အနောက်ရိုးမနှင့် ရေမျှောသူများပေတကား။

“တစ်တောလုံးကြွေ ဆိုတာလေးကတော့ လှတယ်ဗျ”

သူငယ်ချင်းကဗျာဆရာရဲ့ အသံက ခါတိုင်းလိုပဲ တိုးသက်နေလျက်။ ထူထဲသောမျက်မှန်အောက်က မျက်လုံးတွေလည်း ခါတိုင်းလိုပင် ရီနေလျက်။ ကျွန်တော်က ရိုးသားသင့်တယ်ထင်လို့ ‘တစ်တောလုံးကြွေ’ ဆိုတာလေးကို ဆေး(၂) နှစ်လည်မဂ္ဂဇင်းမှာပါတဲ့ မောင်မောင်သင်ရဲ့ “ခရမ်းပြာအိပ်မက်” ဝတ္ထုတိုကကလေးထဲက ယူသုံးတာပါ” လို့ ရှင်းပြနေမိသည်။ ကျွန်တော်တို့ကား ဒီလိုပဲရိုးသားရန် ကြိုးစားနေမိတတ်ကြသည်။. ကျွန်တော်တို့ကား မသိတာကို မရေးချင်ကြ။ သိချင်တာ၊ နားလည်ချင်တာ၊ မသိသေးတာ နားမလည်သေးတာကို သိအောင် နားလည်အောင် ကြိုးစားသော်လည်း ရေးချင်တာတစ်ခုတည်းအတွက် သက်သက်တော့ သိအောင် နားလည်အောင် မကြိုးစားမိကြ။ ဘဝတစ်ခု၌ ထည်ထည်ဝင်ဝင် နေထိုင်ရင်း ထိုအရိုက်အခတ် အတွေ့အကြုံတွေကြောင့် ခံစားရတာကိုပဲ စိပ်စိပ်မှုန်မှုန် ရေးပစ်လိုက်ချင်ပေသည်။ ကျွန်တော်တို့ကား ခံစားမှုမပါလျှင် ဘာကိုမှ မယုံကြည်ချင်တော့။ ခုလည်း ကျွန်တော်ရေးထားသော ‘တစ်တောလုံးကြွေ’ ဝတ္ထုတိုကလေးကို သူငယ်ချင်းကဗျာဆရာအား ဖတ်ခိုင်းနေခြင်း ဖြစ်သည်။ သူ ရင်ခုန်ပါ့မလား မပြောတတ်ပေ။

တကယ်တော့လည်း စာရေးတယ်ဆိုတာ ရင်ခုန်သံကို ဝေငှတာပဲ မဟုတ်လား။

“ကျွန်တော်က ဒါကိုပြောတာ မဟုတ်ပါဘူး၊ မိုးဥတုနောက်ခံထားပြီး ခင်ဗျားက တစ်တောလုံးကြွေဆိုတော့ ခင်ဗျား သစ်သွားလုပ်တဲ့ ရိုးမက မိုးတွင်းအခါ သစ်ရွက်တွေ တစ်တောလုံးကြွေနေလို့လား”

သူက ကျွန်တော့်ဝတ္ထု သရုပ်မမှန်မှာကို စိုးရိမ်ဟန်တူပေသည်။ သို့သော် သူငယ်ချင်းကဗျာဆရာရဲ့ အမေးက ကျွန်တော့်ရင်ကို ခုန်သွားစေသည်။ ဪ ... ကျွန်တော်ရောက်ဖူးသော ရိုးမက မိုးအခါ သစ်ရွက်တွေ တစ်တောလုံး ကြွေနေသလားတဲ့လေ။

“သစ်ရွက်တွေကတော့ တကယ်မကြွေဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်က တစ်တောလုံး ကြွေနေသလိုပဲ ခံစားရတယ်”
“ဘာဗျ”
“ဟုတ်တယ်လေ ... ကျွန်တော်တော့ တစ်တောလုံး ကြွေနေသလိုပဲ ခံစားရတယ်”

ဪ ... အပြင်ဘက်၌ မိုးကတော့ ရွာမြဲပင် ...။

------------
မောင်ဒေါင်း


တစ်ပတ်အတွင်းလူကြည့်အများဆုံး