ပြန်ပေးမေတ္တာစာသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင်
ထင်ရှားကျော်ကြားလှသော စလေဦးပုည၏ ကိုယ်ရေးမေတ္တာစာတစ်ပုဒ်ဖြစ်ပါသည်။
ဦးပုညအား "မင်းပါးစိုးနွယ်" ဝင်နိုင်အောင်ကြိုးပမ်းသော်လည်း မအောင်မြင်ဟု
ဦးဆန်းက ဝေဖန်ထားသောကြောင့်၊ ဦးဆန်းအားပြန်ပေးသောစာဖြစ်ပါသည်။
ဤမေတ္တာစာတွင် မိမိအားဝေဖန်တိုက်ခိုက်လာသောအပေါ်တွင် အချက်ကျကျ
ပြန်လည်ချေပထားပြီး ဥပမာပေး ကောင်းကောင်းဖြင့် ချေပထားပုံမှာ
လွန်စွာနှစ်သက် သဘောကျဖွယ် ဖြစ်ပါသည်။
မေတ္တာစာအစတွင် ဦးဆန်းအား မေတ္တာပို့ ရာ၌ အထေ့အငေါ့လေးဖြင့် မေတ္တာပို့ ထားပုံမှာ
"စေတနာဗလဝ၊ သိနေဟကြောင့်၊ မေတ္တာသုတ်တစ်စောင်လုံးကို၊ ပုဒ်မပါကျုံးပြီးလျှင်၊ မေတ္တာတုံးကြီးကြီးဖြင့်၊ ရီးတိုက်၍ပို့ လေ့ရှိသော၊ "
ဟူ၍ ဦးဆန်းအား မမြင်ရသည့်မေတ္တာကို အတုံးကြီးကြီးဟုဆိုကာ ရီးတိုက်ပို့ မည်ဟု စိတ်မျက်စီတွင် မြင်ယောင်လာအောင် ဥပမာပေးထားပုံမှာ ထိမိလှသော ထေ့ငေါ့မှုပင်ဖြစ်ပါသည်။
ထို့ ပြင် ဦးဆန်းရေးလိုက်သည့်စာကို "ဗျည်းကိုကိုက်သည့် ကင်းကဲ့ သို့ ၊ အကွင်းအကွက်ပေါ်၍"
ဟူ၍လည်းကောင်း ၊ ဦးဆန်းကိုလှောင်ပြောင်ရာတွင်
"လူဧတဒဂ်၊ ရွှေခွက်ဆွဲစာရင်းဝင်၊ ချည်ခင်စွပ်ဗိုလ်"
"ကဗျာဥာဏ်အာဘော်ကလည်း၊ ကလော်တိုင်းထွက်သော်ကြောင့်၊ "
စသည့်ဖြင့် ဟာသမြောက်စွာ ထိမိသော ဥပမာပေးကောင်းလေးများဖြင့် ပြန်လည်ထိုးနှက်ထားပုံမှာ နှစ်သက်စရာကောင်းလှပါသည်။
ဦးပုညက ဦးဆန်းအား မိမိသည် နှယ်နှယ်ရရပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း၊ ကျမ်းပေါက်တတ်မြောက်သော ပညာရှိတစ်ဦးဖြစ်ကြောင်းကို
" ကျမ်းတကာက၊ ဆူရာရွေးနူတ်၊ သည်းခြေကိုထုတ်ပြီးလျှင်၊ ဖုတ်၍ပင်စာနိုင်လောက်ခဲ့ သည်။"
ဟူ၍လည်းကောင်း၊ သိုက်နှင့်ပတ်သက်၍လည်း
"ထုတေမွမွ၊ သိုက်ပြာချ၍၊ လောကစီးပွား၊ သိုက်လျက်ဆားလည်း၊ စား၍အတန်ကုန်ခဲ့ ပြီး"
ဟုဆိုကာ ဥပမာပေးကောင်းကောင်းများဖြင့် ကိုယ်ရည်သွေးထားပါသည်။
ဦးပုညက ဦးဆန်းအား ပြန်ပေးသော ပြန်ပေးမေတ္တာစာတွင် မိမိ၏" လူ့ အောက်မခို၊ လူကိုမကြို့ " ချင်သော စိတ်ဓာတ်ကိုပြောဆို၌
"ကယ်မပါ ကြည့်ရူပါ၊ ပြုစုပါ ထောက်ပံ့ပါ၊ မွဲသွေ့ သွေ့ မျက်နှာနှင့်၊ ကိုယ်ချမ်းသာရကြောင်းကို၊ ငယ်ပေါင်းစုတ်ပဲ့၊ နူ့ နဲ့ သည့်စကားများကို မေ့မှားလို့ ဆိုမိလျှင်၊ လျှာတိုအောင် ရိတ်ချင်၏၊ "
ဟု အတိအလင်းပြောဆိုထားပုံမှာ နှစ်သက်ဖွယ်ဖြစ်ပါသည်။ ဥပမာပေးကောင်း တစ်ခုပင်ဖြစ်ပါသည်။
ဦးပုညက ဦးဆန်း၏ အသွင်အပြင်ကို ဥပမာပေးရာ၌
"ဆံကေသာ၊ လက်လေးသစ်၊ မုတ်ဆိတ်မွှေး ဗလဗျစ်၊ မဲနှစ်သည့်စီဝရံနှင့်၊ တာတေလန် အကျင့်ဆိုးသော၊ ရှင်သိုးတကာ ထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ ကဲ့ သို့ "
ဟူ၍ ပုဂံခေတ်မှ အရည်းကြီးတို့ ပုံစံနှင့်၊ ခိုင်းနှိုင်းကာ ဥပမာပေးထားပုံမှာ ထိမိလှပါသည်။
နောက်ဆုံးတွင် ဦးဆန်းရေးထားသောစာမှာ စာပျက်ကြီးဖြစ်ကြောင်း၊ မိမိကိုမကောင်းရေးထားသည့် စာလေးသာပယ်လိုက်ပါက စာကောင်းဖြစ်မှာဖြစ်ကြောင်း၊ သို့ သော်မိမိမကောင်းရေးထားသည့်စာပါနေ၍ လွှင့်ပစ်ရန်သာရှိကြောင်းကို
" ရတနာအဆီခဲ၊ နတ်သုဓာ ထမင်းပွဲ၌၊ တစ်ပဲလောက်ရွှေမစင်သည်၊ ရောဝင်၍သူပါလျှင်၊ သုဓာဘုတ်ဘိုးအေ၊ မွှေးချင်တိုင်းမွှေးစေတော့၊ ရေအိမ်စော်အနံ့ စွဲ၍၊ တကတဲ ပစ်လိုက်ရတော့မည်၊"
ဟု ဥပမာပေးထားပုံမှာ လွန်စွာအံဝင်ဂွင်ကျရှိလှပါသည်။
အချူပ်အားဖြင့်ဆိုရသော် ဦးပုည၏ ပြန်ပေးမေတ္တာစာသည် ဦးဆန်းအား ပြန်လည်ချေပထားသော စာဖြစ်သော်လည်း ဥပမာပေးကောင်းလေးများကြောင့် လွန်စွာပြောင်မြောက် ကောင်းမွန်လှသော မေတ္တာစာတစ်ပုဒ်ပင် ဖြစ်ပါတော့သည်။

Credit- ဆရာမ