မဟော်ပြဇာတ်မှ လူ့ သဘာဝအဖွဲ့ များ

မဟော်ပြဇာတ်မှ လူသဘာဝအဖွဲ့ များကိုလေ့လာတင်ပြပါ
=======================

မဟော်ပြဇာတ်သည် စာဆိုဦးကြင်ဥ၏ ထင်ရှားသောပြဇာတ်တစ်ပုဒ်ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်ခဲ့သည့် တစ်ညအတွင်း ညပြနိုင်သောပြဇာတ်များတွင် ဦးကြင်ဥ ၊ ဦးပုညတို့ ၏ ပြဇာတ်များသည် ထင်ရှားခဲ့ပါသည်။ ထိုပြဇာတ်များကျော်ကြားခဲ့ရခြင်းမှာ လူ့ သဘာဝအဖွဲ့ ကောင်းခြင်းကြောင့် ကြော်ကြားခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်များက ထောက်ပြဝေဖန်ခဲ့ပါသည်။

မဟော်ပြဇာတ်အခန်း (၂) မှ ကေဝဋ်ပုဏ္ဏား၏ စရိုက်အဖွဲ့ များသည် လူ့ သဘော၊ လူ့ သဘာဝများကို ပေါ်လွင်စေခဲ့သော ဇာတ်ကွက်တစ်ခုဖြစ်သည်။ ဇာတ်လမ်းအရ ကေဝဋ်ပုဏ္ဏားသည် ပတ္ထမြားကုန်းကောက်ရင်း ပရိတ်သတ်ဗိုလ်ပုံအလည်တွင် အရှက်ကွဲခဲ့ရသည်။ မဟော်အမတ်၏ ပရိယာယ်ဆင်မူအောက်မှာ ပြားပြားမှောက်ခဲ့ရသည်။ အထိနာခဲ့ရသော ကေဝဋ်ပုဏ္ဏားသည် ပြန်လည်လက်စားချေရန် ကြံစည်လေတော့သည်။ မိမိကိုယ်မိမိ " ဇဗ္ဗူသနင်း၊ အာဏာပြင်းတဲ့ ၊ မင်းကြီးဆရာ" အဖြစ် မာနတံထွန်ထူသော မင်းဆရာကေဝဋ်သည် မိမိ၏ရန်သူတော် မဟော်အပါအဝင် မိတ္ထိလာတစ်ပြည်လုံး ဤသို့ ရန်ငြိုးဖွဲ့ ခဲ့သည်။
" မိတ္ထိလာပြည်လုံးကို၊ ထုံးကဲ့သို့ ကြေထဲအောင်
မြေလှန်ပြီးအတက်၊ ဝိဒေဟရာဇ်မင်းမြတ်နှင့်၊
ယုံမှတ်သည့်မဟော်၊ ဖြားယောင်းကာခေါ်ပြီးလျှင်" ဟူသောစကားအရ မိတ္ထိလာပြည်ကိုလည်း ရစေ၊ ရန်သူကိုလည်း လက်စားချေစေသော အကြံအစည်ကို ကြံစည်ခဲ့သူဖြစ်သည်။ ယုတ်မာကောက်ကျစ်တတ်သော လူ့ သဘာဝကို မြင်တွေ့ ရ၍ စက်ဆုတ်မုန်းတီးဖွယ် ဖြစ်ပါသည်။



ကေဝဋ်ပုဏ္ဏားသည် မိမိနေရာရရေးအတွက် အရှင်မင်းကို မြှောက်ပင့်စည်းရုံးတတ်သူဖြစ်ပါသည်။ မိတ္ထိလာပြည်ကို သိမ်းပိုက်နိုင်ရေးအတွက် စူဠနီဗြဟ္မဒတ်မင်းကြီးအား နှစ်ကိုယ်ကြားစည်းရုံးပြောဆိုခဲ့ပါသည်။ မာယာပရိယာယ်အသွယ်သွယ်နှင့် စည်းရုံးသိမ်းသွင်းတတ်သော လူ့ သဘာဝကို ဤသို့ ဖော်ပြထားပါသည်။

" အရှင့်အကျိုးကို၊ သယ်ပိုးရွက်ဆောင်
အောင်မည်မြင်၍၊ ခုအင်ဝှက်ကွယ်၊
ပရိယာယ်နှင့်၊ တင်ဘွယ်ဆန်းပြား
ကြံစကားကို၊ အများဗိုလ်ပေါင်း၊
တစောင်းနားက၊ မကြားရအောင်
စံဆောင်ပြဿဒ်၊ ဘုံစရပ်တွင်
မမြင်ပုန်းလျိုး၊ နှစ်ကိုယ်ချင်းသိသင့်ပါသည်" ဟူသောစကားသည် ယောက်ျားတန်မဲ့  မိန်းမဥာဏ်ထွက်တတ်သော သဘောကိုပေါ်လွင်စေပါသည်။

မဟော်ပြဇာတ်မှ မဟော်အမတ်သည် ပညာရှိသုခမိန်တို့ ၏ စိတ်နှလုံးနှင့်ကြည်ညိုဖွယ်ကောင်းသော စရိုက်ပိုင်ရှင်ဖြစ်သည်။ မိမိတိုင်းပြည်ကိုရောက်ရှိလာမည့် ကေဝဋ်ပုဏ္ဏားကို နှိပ်ကွက်ဆုံးမရန် ကြိုတင်ပြင်ဆင်ထားပါသည်။ ရန်သူကို ရန်သူကဲ့သို့  သဘောထားတတ်သော မတ်မဟော်ပင်ဖြစ်ပါသည်။

" အာဏာခြိမ်းခြောက်၊ ငေါက်ငေါက်ငမ်းငမ်း
  ဆွဲဝှေ့ ရမ်း၍၊ အကြမ်းလျင်စွာထုတ်ရမည်"
ဟူသောစကားသည် ရဲဝံ့ပြတ်သားသည် မတ်မဟော်၏ ယောက်ျားပီသသော လူ့ သဘာဝကို ဖော်ပြနိုင်ပါသည်။

ဤသို့  ရန်သူကိုနှင်ထုတ်နိုင်ခဲ့သော မတ်မဟော်သည် အရှင်သခင် ဝိဒေဟရာဇ်မင်းကြီးနှင့် တွေ့ ဆုံသောအခါ မှူးမတ်ကောင်းပီသစွာ ဤသို့ လျှောက်တင်ခဲ့ပါသည်။
" လူ၌မာယာ၊ လှည့်တတ်စွာသည်
  ပဉ္စလရာဇ် ၊ ရန်စစ်တင်းတင်း
  မရှင်းလေသေး၊ ရပ်ဝေးမြေတာ
  လိုက်နာစကား၊ ဖြန့် ချိမှားသော်"
ဟူ၍လေ့လာတွေ့ ရှိရပါသည်။ တိုင်းပြည့်ကိုတည့်မတ်စေရန် ကြီးမှူးဆောင်ရွက်သည့် မတ်မဟော်၏သဘောစရိုက်အား နှစ်ခြိုက်ကြည်ညိုမိပါသည်။

မဟော်ပြဇာတ်မှ ဝိဒေဟရာဇ်မင်းကြီးသည် မဟော်သဓာ၏ အရှင်သခင်ဖြစ်သော်လည်း မဟော်သဓာသုခမိန်ကို သားအရင်းကဲ့သို မြတ်နိုးတွယ်တာသူဖြစ်သည်။ မည်သို့ ပင်မေတ္တာသက်ဝင်ချစ်ခင်စေကာမူ မိမအလိုဆန္ဒနှင့် မကိုက်ညီသောအခါ ရန်သူသဖွယ်ဆက်ဆံတတ်ပါသည်။ ပဉ္စာလစန္ဒီမင်းသမီးနှင့် ဝိဒေဟရာဇ်မင်းကြီးတို့  စုလျားရစ်ပတ် လက်ထက်မည့်အရေးကို ဆိုင်းငံ့သင့်ကြောင်း မဟော်အမတ်ကလျှောက်တင်ခဲ့ပါသည်။ မင်းလိုလိုက်၍ မင်းကြိုက်အောင် မလျှောက်တင်ခဲ့သော မဟော်အမတ်အား မင်းကြီးကအမျက်တော်ထားခဲ့ပါသည်။ ရာဇာမင်းတို့ ၏ သဘောကို သိရှိနားလည်ခဲ့ရပါသည်။

ထို့ ကြောင့် မဟော်ပြဇာတ်မှ လူ့ သဘာဝအဖွဲ့ များသည် မဟော်ပြဇာတ်ကျော်ကြားရခြင်း၏ အဓိကပုံရိပ်များပင်ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါသည်။

တစ်ပတ်အတွင်းလူကြည့်အများဆုံး