မယ်မျှင် (အမျိုးသားပညာဝန် ဦးဖိုးကျား)

ကျွန်ုပ်သည် နံနက်လမ်းလျှောက်လေ့ရှိ၏။ တစ်နံနက် (ရန်ကုန်မြို့) ကျောက်မြောင်းဘက်သို့ လှည့်၍ လျှောက်ခဲ့၏။ လမ်းတွင် ရုတ်တရက် မိုးရွာသည်နှင့် အနီးရှိအိမ်ဆိုင်ငယ်ကလေးတစ်ခုသို့ မိုးဝင်ခိုမိ၏။

အိမ်ခန်းကျဉ်းကျဉ်းဟောင်းနွမ်းသော ဆိုင်ခုံပေါ်တွင် ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ မုန့်ပဲ၊ သရေစာ အနည်းငယ်မျှ တည်ခင်းထား၏။ ဆိုင်ရှင်မှာ၊ ၁၅ နှစ်၊ ၁၆ နှစ်ရွယ် သူငယ်မဖြစ်၏။ ပုံပန်းတော်သင့်ရုံ ရှိ၏။ အနေအထိုင်အဝတ်အစားတို့ကို မြင်ရသဖြင့် ဆင်းရဲနွမ်းပါးကြောင်းသိရ၏။ သို့ရာတွင် ဝတ်စားပုံ၊ ထားပုံ၊ သိုပုံ၊ ဆိုင်ခင်းထားပုံတို့ကို မြင်ရသဖြင့် ထိုသူငယ်မသည် သေချာသပ်ရပ်ကျကျနနရှိသည်ကို အထူးသတိပြုမိ၏။

ဆိုင်သို့ဝင်မိလျှင် ထိုသူငယ်မကပြုံး၍ "အော်၊ ဦး .. မိုးဝင်ခိုတာလား၊ ထိုင်ပါထိုင်ပါ၊ မိုးစဲမှ သွားတာပေါ့ ရှင်"

"အေး ကျေးဇူးပါကွယ်၊ ဦးကခုမနက်နေသာတာနဲ့ မိုးမရွာဘူးလားလို့ ထီးတောင်မယူခဲ့ဘူး"

"ဟုတ်ကဲ့ နေသာပေမဲ့ မိုးသားမှမကင်းဘဲ၊ ခုမနက်မိုးရွာမှာပေါ့ ဦးရဲ့"

"အေးမင်းကအမှတ်အသား အကောင်းသားပဲ"၊

(သူ့အရွယ်နှင့်စာသော်၊ တော်ပေ၏ဟု စိတ်ထဲကချီးမွမ်းမိ၏)

ထို့နောက်သူငယ်မ ဘေးနားတွင် သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း၊ ၄-၅ ခုကို တွေ့မြင်ရသည်နှင့်

"အော် သတင်းစာဖတ်နေကျလား"

ဟုတ်ကဲ့ဆိုပါတော့ရှင်။ ကိုယ်တိုင်ဝယ်မဖတ်နိုင်ပါ။ အနီးနားမှာ ဝယ်ဖတ်နိုင်တဲ့လူများဆီက၊ အ ဟောင်းအမြင်းကလေးများ၊ တောင်းရမ်းဖတ်ရပါတယ်၊ မှန်မှန်လည်း မဖတ်ရဘူးဦးရဲ့"

"အေး …. အေး စာဖတ်တာကောင်းတာပေါ့ကွယ်။ မင်းတော်တော်စာဖတ်တတ်သလား"

"ကျွန်မငယ်ငယ်က၊ အိမ်မှာပဲ အဖေကစာသင်ပေးပါတယ်။ ကျွန်မတို့ဆင်းရဲတယ်ရှင့်၊ ကျောင်းမှာ မနေနိုင်ဘူး၊ အခုတော့၊ အဖေရော၊ အမေရော ဆုံးသွားကြတာ ၄-၅ နှစ်ရှိပါပြီ။ ကျွန်မနဲ့မောင်ကလေး နဲ့ ၂ ယောက်ထဲရှိပါတယ်။ အဲဒါနဲ့ တော့်ဒီတော့ဒတ်ဖတ်တတ်ရာက၊ ဟိုဟာဆွဲဖတ်၊ ဒီဟာဆွဲဖတ်နဲ့ ခုတော့တော်တော်ကလေး ဖတ်နိုင်ပါပြီရှင့်"

"နေပါဦး မင်းသတင်းစာဖတ်တာ တိုင်းရေးပြည်ရေးဝါသနာပါလို့လား"

"တိုင်းရေးပြည်ရေး ဝါသနာပါလို့ရယ်မဟုတ်ပါ။ စာဖတ်ချင်တဲ့ ဝါသနာကလဲရှိ၊ ဖတ်ရင်လဲ မှတ်စရာ သားစရာတွေ့တာနဲ့ ဖတ်တာပါပဲ"

"နို့ မင်းဖတ်တဲ့သတင်းစာ ဂျာနယ်တွေမှာ၊ မင်းဈေးရောင်းတာနဲ့ တိုက်ရိုက်ဆိုင်တာများ ပါလို့လား" (စုံစမ်းလို၍မေးသည်) "တိုက်ရိုက်တော့ဘယ်ပါမလဲဦးရဲ့။ နို့ပေမဲ့ ဟိုဒင်းပြောတာလို ဆားများစားရ တယ်မရှိဘူး။ ဟင်းခတ်တာနဲ့ ကုန်တာပဲ" ဆိုသလိုပေါ့ဦးရဲ့။ စာဖတ်လို့အကြားအမြင်များတော့ ဈေးရောင်းတာရောဘာရော၊ နေရာတိုင်းမှာ စိတ်ကူးဉာဏ်အလိမ္မာတိုးတာပေါ့ရှင်"

"အေး ဟုတ်တန်ရာရဲ့၊ နေပါဦး မင်းတို့မိန်းမတွေ ဒီသတင်းစာတွေ၊ ဂျာနယ်တွေဖတ်ဖို့ လိုသလားကွဲ့"

"ဟာဦးကြီးနယ် လိုပါပြီလား၊ ခုတစ်လော မကြားဘူးလားရှင့်၊ မိန်းမအသင်းတွေဖွဲ့၊ ဝတ်လုံတွေတာ တွေတောင် ဖြစ်ကုန်ပြီ ဆိုပဲဦးရဲ့။ ပြီးတော့လဲ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စာတတ်ရင် ကောင်းတာပေါ့ဦးရဲ့"

"မင်းတို့မောင်နှစ်မ ၂ ယောက် ဘယ်လိုနေကြစားကြသလဲကွဲ့"

"ကျွန်မ မောင်ကလေးက၊ ဟိုဘက်နားကဦးမြဘူးကျောင်းမှာနေတယ်။ အခု ၃ တန်းရောက်နေပြီ။ စာမေးပွဲတိုင်း အောင်တယ်ဦးရဲ့။ ကျွန်မဈေးရောင်းလို့ တစ်နေ့ တစ်မတ်ငါးပဲလောက်ကျန်တယ်။ အဲဒါလေးနဲ့ ကျောင်းလခလဲပေးရတယ် ဝတ်ဖို့၊ စားဖို့၊ နေဖို့လဲဒီအထဲကပဲ၊ ရုပ်ရှင်ကြည့်ချင်တာပဲ၊ နို့ပေမဲ့ ပိုက်ဆံမလောက်တော့၊ ခြစ်ခြစ်ခြုတ်ခြုတ်ခြိုးခြံ နေရတာပဲဦးရဲ့"

"အေးသာဓုကွယ်။ သာဓု မိုးလဲစဲပြီ ဦးသွားလိုက်ဦးမယ်" ဆို၍ထွက်ခဲ့၏။

နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ရေးသော စာအုပ်ထဲမှ တော်သင့်သော ၅ အုပ်၊ ဗလာစာအုပ် ၁၂ အုပ်၊ သတင်းစာဂျာနယ်ဟောင်း ၁ဝ စောင် လောက်တို့ကို ထုတ်ယူ၍ သူငယ်မဆိုင်ဘက်သို့ လျှောက်ခဲ့ပြန် ၏။

"နံနက် ၇ နာရီခန့်တွင် ရောက်သွားရာ၊ ထိုဝီရီယရှိသော သူငယ်မမှာ ဆိုင်အသင့်ခင်းကျင်းပြီးနှင့်သည် ကို တွေ့ရှိ၏။

မြင်လျှင်ပင်နှုတ်ဆက်၍ "ရော့ ဟေ့မင်းဖတ်ဖို့နဲ့ မင်းမောင်ကျောင်းမှာသုံးဖို့ စာအုပ်တွေယူလာတယ်။ ရော့ဖတ်ပေရော့" ဆို၍ ပေးပြီးနောက် ထိုသူငယ်မသည် ကျေးဇူးတင်လွန်း၍ ပါးစပ်အဟောင်းသား ရှိနေစဉ် ကျွန်ုပ်သည် သုတ်သုတ်ထွက်ခဲ့လေ၏။

ဤကား လွန်ခဲ့သော ၄-၅ နှစ်က အဖြစ်အပျက်တည်း။

လွန်ခဲ့သောကာလတွင် ကျွန်ုပ်စာ တစ်စောင်ရ၍ ဖတ်ကြည့်ရာ အောက်ပါအတိုင်းပါလေ၏။

"ဦးရှင့်-

စာအုပ်များပေးစဉ်က ရုတ်တရက်ထွက်သွား၍၊ ကျေးဇူးတင်စကားမှ မပြောလိုက်ရပါ။ ပေးထားသော စာအုပ် ၅ အုပ်ကိုယခုဖြင့် အလွတ်ရမလောက်ရှိနေပါပြီ။ ကျေးဇူးအင်မတန်တင်သည့်အတွက် ၎င်းပေးထားသောနေ့ကပင် ကျွန်မ၏မှတ်တမ်းစာအုပ်တွင် စာရင်းတင်ထားလိုက်ပါသည်။

ဦးကို ဘယ်လိုကျေးဇူးဆပ်ရမလဲဟု အမြဲတွေးနေပါသည်။ ယခုမှသတိရ၍ ၎င်းစာအုပ်တို့ကို ပုံနှိပ် သောတိုက်က ကျေးဇူးပြု၍ ယခုစာကိုထည့်လိုက်ရပါသည်။

ကျွန်မတို့ဆိုင်ဘက်ကို လမ်းလျှောက်ခဲ့စေချင်ပါသည်။ ဦးရှင့်။

မယ်မျှင်"

ကျွန်ုပ်သည် ထိုသူငယ်မကို မေ့နေရာမှ သတိရ၍၊ ခါတိုင်းလိုပင်ထီးမပါ၊ ဖိနပ်မပါ၊ ဖျင်အင်္ကျီလက်တို နှင့် ထိုဆိုင်ဘက်သို့ နံနက်လမ်းလျှောက်ထွက်ခဲ့၏။

ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်သပ်ရပ်သော (၂) ထပ်အိမ်ကိုတွေ့ရ၏။ အောက်ထပ်တွင် ဆေးလိပ်အမျိုးမျိုး၊ ၎င်းပြင်ကုန်စုံများ၊ တစ်ခြမ်းတွင် လက်ဖက်ရည်ဆိုင်၊ ၎င်းလက်ဖက်ရည်ဆိုင်တွင် လည်း မြန်မာလူငယ်များ အလုပ်လုပ်နေသည်တို့ကို တွေ့ရ၏။ စိတ်တွင် ဇဝေဇဝါဖြစ်နေ၍ အလုပ် သမားတစ်ယောက်ကို မေးရာ-

"သြော် မမမျှင်လား၊ ရှိပါတယ်၊ သူတို့အပေါ်ထပ်မှာ နေပါတယ်။ ကျွန်တော်ပြောလိုက်ပါမယ်" ဟု ပြောပြောဆိုဆိုနှင့် တက်သွားလေ၏။

မကြာမီပင် လက်ဖက်ရည်၊ မုန့်ပဲသရေစာတို့ကို လောကွတ်ကြီးစွာဖြင့် ကျွေးမွေးပြီးမှ "ဦးရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့ပါ။ ပေးထားတဲ့စာအုပ် ၅ အုပ်ကိုလဲ ဟောဒီမှာ ပေါင်းချုပ်ပြီး သားရေအုပ်ထားပါ တယ်" ဟု ဘီဒိုမှထုတ်၍ ပြ၏။ မှတ်ထားသောစာ၊ စာရင်းကိုလည်းပြ၏။ ထို့နောက် ဆက်၍ မိမိ စာဖတ်ဝါသနာရှိသဖြင့် ဗဟုသုတများစွာရကြောင်း၊ စိတ်ကူးအကြံအစည်တိုးကြောင်း၊ ထို့ကြောင့်ပင် လျှင် ယခင် ဆိုင်ငယ်မှ ယခု ကိုယ်ပိုင်အိမ်နှင့် ဆိုင်ကြီးဖြစ်လာကြောင်း မိန်းမများစာဖတ်သင့်ကြောင်း၊ ချွေတာသင့်ကြောင်း။ ဘာကြောင်း၊ ညာကြောင်းနှင့် နာရီဝက်ခန့် ကျွန်ုပ်အား "လက်ချာ" ပေးနေလေ သတည်း။ ကျွန်ုပ်မှာလည်း ပြုံးတဲ့ကာမလှုပ်ဘဲ နားထောင်နေရလေသတည်း။

ပြီးမှ ကျွန်ုပ်၏ အဝတ်အစားတို့ကို စိုက်ကြည့်၍ "သြော် ဦးကိုကျေးဇူးဆပ်ချင်ပါတယ်၊ စာအုပ်ဘိုးတွေ ဟာ ၁ဝိ-၁၅ိ လောက်ရှိပါလိမ့်မည်။ အဲဒီတော့ အနည်းဆုံး အဲဒီစာအုပ်ဖိုးတွေကို လက်ခံစေချင်ပါတယ် ဦးရဲ့"

"ဦးမှာ ပိုက်ဆံကြေးငွေမချမ်းသာပါဘူး။ နို့ပေမဲ့ စာအုပ်ဖိုးကို လက်ခံဖို့တော့ဖြစ်မယ်မထင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ပေးတာနဲ့ရောင်းတာ ခြားနားတာကို မင်း သိတယ်မဟုတ်လား။ ဦးရဲ့စာအုပ်ဖိုးကို လက်ခံရမှာဖြင့် မင်းလက်ဖက်ရည်ဖိုး၊ မုန့်ဖိုးတွေကိုလဲ လက်ခံရလိမ့်" ဟုဆိုလိုက်ရာ၊ ထိုနားလည် လွယ်သော သူငယ်မသည်ပြုံး၍သာ နေလေတော့သတည်း။


တစ်ပတ်အတွင်းလူကြည့်အများဆုံး