ရှင်မဟာရဋ္ဌသာရ

ရှင်မဟာရဋ္ဌသာရ

မြန်မာစာပေသမိုင်းတွင် ရှင်မဟာရဋ္ဌသာရ ဆရာတော်အား ပထမတန်းစား ပျို့ကဗျာများကို သီကုံးရေးဖွဲ့သူ ပျို့စာကျော်အဖြစ် မှတ်တမ်းတင်ကြသည်။ ရှင်မဟာရဋ္ဌသာရ ရေးသားစီကုံးခဲ့သော ကဗျာလင်္ကာများမှာ အပျောင်းအနွဲ့၊ အယဉ်အကျေးမှစ၍ သာယာနာပျော်ဖွယ်ရစေရန် အမျိုးမျိုးအဖုံဖုံ ဆန်းကြယ်သော ဘာသာဝေါဟာရ တို့ဖြင့် တန်ဆာဆင်၍ ရေးသားထားခဲ့လေသည်။ အရှင်မြတ်သည် ရတုတို့ကိုလည်း စပ်ဆိုခဲ့သောကြောင့် ရတုအသစ်အဆန်း အမျိုးမျိုးကို တီထွင်ရေးဖွဲ့သူ ရတုစာဆိုတော်ဟူ၍လည်း အသိအမှတ်ပြုကြသေးသည်။ ပျို့နှင့် ရတုတို့အပြင် စာဆိုသည် မော်ကွန်းများကိုလည်း ရေးဖွဲ့ခဲ့ရာ ပိဋကတ်တော် သမိုင်းအရ မော်ကွန်း (၇)စောင် ရှိသည်ဟု သိရ၏။ ယခုအခါ ပုံတောင်နိုင်မော်ကွန်း၊ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်းနှင့် မင်္ဂလာစေတီတော် မော်ကွန်းတို့သာ တွေ့ရတော့သည်။


ကဝိအမော် စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် သာသနာနှစ် ၂၀၁၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၈၃ဝ ပြည့်နှစ် ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် အင်းဝနေပြည်တော်၏ နားဍောင်းသဖွယ်ဖြစ်သော အင်းဝမြို့လယ်ရပ်တွင် ဖွားမြင်တော်မူပေသည်။ ငယ်မည်မှာ မောင်မောက်ဟု ခေါ်တွင်လေသည်။ ထို့ကြောင့် စတုဓမ္မသာရ ကိုးခန့်ပျို့ နိဂုံးတွင်

`ရွှေအင်းဝဟု၊ နန်းကမြင်ထင်၊ မြို့လယ်ခွင်၌၊ သခင်ဘုရား၊ တည်ထားသာသနာ၊ သင်္ချာအမှန်၊ နှစ်ထောင်လွန်၍၊ အစွန်မြတ်မူ၊ ဆယ့်နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုဃ်းလေရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ်ဝေါဟာ၊ အာသဠာ၌၊ ပညာပွားပို၊ ကုသိုလ်သာလှ၊ ငါ့ကိုဘွားရာ၊ ချက်မြှုပ်ရွာသည်၊ အောင်ချာပြည်ကြီး နားဍောင်းတည်း´ ဟူ၍ စပ်ဆိုထားသည်။

ရှင်မဟာရဋ္ဌသာရ၏ အဖကား ကလေးမိုးညှင်း၊ ချင်းလင်း၊ သက်၊ မြို လူမျိုးတို့၏ အရပ်ဒေသများနှင့်တကွ ရခိုင်တစ်ဝှမ်းလုံးကို စိုးပိုင်တော်မူ၍ ပဲခူး-ပြည် ထက်ဝက်ကိုသော်မှလည်း လက်နက်ခွန်အားဖြင့် သိမ်းယူစိုးစံတော်မူသော ပထမမင်းခေါင်ကြီး၏ သားတော် ဆင်ဖြူရှင် သီဟသူ၏ မိဖုရားကြီးအဖြစ် ဘိသိက်ခံတော်မူပြီးလျှင် မွန်ပြည်အလုံးကို သိမ်းကျုံးယူငင်အုပ်စိုးတော်မူသော ရှင်စောပုဘုရင်မကြီး၏ တူလည်းဖြစ်၊ သမက်လည်းဖြစ်တော်မူသော ပုသိမ်မြို့စား ဗညားအိမ်၏ မြေးတော်သူ ဓမ္မပါလအမတ်ကြီးဖြစ်သည်။ အမိကား (တုန်ခွန်သွင်း - အင်းဝတည်)ဟု ရာဇဝင်သင်္ကေတအရ ကောဇာသက္ကရာဇ် ၇၂၆ ခုနှစ်တွင် အင်းဝမြို့ကို လက်မွန်မဆွ တည်ထောင်ဖန်ဆင်း၍ မင်းပြုတော်မူသော သတိုးမင်းဖျားနှင့် မိဖုရားစောညိုတို့မှ ဖွားမြင်သော သမီးတော် စောနန်း၏ မြစ်ဖြစ်သည်။

ထို့ကြောင့် ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့သော စတုဓမ္မသာရခေါ် ကိုးခန်းပျို့နိဂုံးတွင်….

`တက်ကြံဝိုက်သိုင်း၊ ဘုန်းအလှိုင်းဖြင့်၊ တိုင်းပြည်လုံး၊ ယူကျုံးပိုက်ထုပ်၊ ထီးအုပ်သာငြိမ်၊ စည်းစိမ်ထူပြော၊ နတ်နှင့်လျောသား၊ ရှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ပုသိန်မင်းမြေး၊ ဆက်ရှေးဘရိုး၊ တို့မိမျိုးလည်း၊ သတိုးမင်းဖျား၊ တရားစောင့်သုံး၊ ရန်လုံးထွင်ခြွေ၊ ရွှေမြေအင်းဝ၊ တည်စနန်းထီး၊ ပြည်တော်ကြီး၌၊ သမီးဖြစ်ရင်း၊ နွယ်မယွင်းသည့်၊ စည်ကွင်းမထိမ် လှည့်ကောင်းတည်း´ဟူ၍ စပ်ဆိုလေသည်။

ထိုနှစ်ဖက်သော အမျိုးတို့မှ ရာဇသွေးပါသော မောင်မောက်အား (၅)နှစ်သား အရွယ်သို့ရောက်လျှင် မဟာဆွေတော်မျိုးတော်ချင်းဖြစ်သော မင်းသား၊ မင်းသမီးတို့နှင့် နန်းတော်ထက်မှာ ကဗျာလင်္ကာတို့ကို လေ့ကျက်၏။ ထို့နောက် ရှစ်နှစ်အရွယ်၌ ဒုတိယမင်းခေါင်(မြန်မာ ၈၄၂ - ၈၆၃)အား သားအမှတ်ဖြင့် မွေးမြူရန် ပေးဆက်၏။ အရည်အချင်းနှစ်သက်တော်မူသောကြောင့် သီဟိုဠ် (သီရိလင်္ကာ)ရောက် ဆရာတော်ဘုရားကြီးထံ၌ ဆက်လက်၍ သင်ရိုးဖြစ်သော ပါဠိတော်ကျမ်းတို့ကိုလည်းကောင်း၊ ဗေဒင်ကျမ်း၊ ကဗျာနှင့် သက်ဆိုင်သော ဆန်းကျမ်း၊ အလင်္ကာကျမ်းတို့ကိုလည်းကောင်း သင်ယူတတ်မြောက်တော်မူလေသည်။

ထိုသို့ တတ်မြောက်တော်မူသဖြင့် တံတားဦးတည် မင်္ဂလာစေတီတော်မော်ကွန်းကို (၁၂)နှစ်သားအရွယ်တွင် ရေးစပ်သီကုံးခဲ့သည်။ မင်္ဂလာစေတီတော်မှာ အင်းဝဘုရင် ဒုတိယမင်းခေါင်၏ ကောင်းမှုတော်ဖြစ်သည်။ ဘုရင်မင်းခေါင် အိမ်ရှေ့မင်းဖြစ်နေစဉ်၊ တံတားဦးအရပ်တွင် ညဥ့်အခါ၌ ဆီမီးရောင်ကဲ့သို့ တပြောင်ပြောင်တောက်ပ သည့် နိမိတ်ထူး နိမိတ်ဆန်းဖြစ်ပေါ်ခဲ့၏။ သီဟိုဠ်ကျွန်းတွင် ဒုဋ္ဌမဏိမင်းကြီး မဟာစေတီတော်ကို တည်ထောင်တော်မူသောအခါ ထွန်းလင်းမည့် နိမိတ် ပြခြင်းပင်ဖြစ်ပေသည်ဟု ယူဆကာ ထိုအရပ်၌ ကျောင်းတော်ဆောက်လုပ်၍ စေတီတည်ထားကိုးကွယ်ရန် အကြံတော်ရှိခဲ့၏။ သက္ကရာဇ် ၈၄၂ ခုနှစ် မင်းအဖြစ်သို့ ရောက်သောအခါ ရွှေကျောင်းတော်ကို အလျင်အမြန် ဆောက်လုပ်တော်မူသည်။ မှန်နန်းရာဇဝင်၌လည်း `ဒုတိယ မင်းခေါင် နန်းတက်နှစ် သက္ကရာဇ် ၈၄၂ ခုနှစ် တွင် မင်္ဂလာစေတီတည်သည်။ ၈၅၈ ခုနှစ်တွင် အလယ်ဌာပနာတည်။ ၈၆၁ ခုနှစ် အပြီးသို့ ရောက်တော်မူသည်´ဟု ကိုးကားဖော်ပြထားရာ သက္ကရာဇ် ၈၆၁ခုနှစ်တွင် စေတီပြီးသည်ဟု သိရသည်။ ရှင်မဟာရဋ္ဌသာရ၏ မော်ကွန်းတွင် သက္ကရာဇ် ၈၅၈ ခုနှစ် အလယ်ဌာပနာ ပြီးသည်အထိသာ ပါရှိသဖြင့် စာဆိုသည်  အလယ်ဌာပနာ အပြီးတွင် ဤမော်ကွန်းကို စပ်ဆိုခဲ့သည်ဟု ယူဆဖွယ်ရှိပေသည်။ စာဆိုသည် ယင်းမော်ကွန်းတွင် ဘုရင်၏ ဘုန်းတော်ဘွဲ့၊ ဓာတ်တော်ပို့ဆောင်သည့် အခမ်းအနား၊ သဘင်အခင်းအကျင်း၊ အလှူပစ္စည်းစာရင်းနှင့် ဓာတ်တော်ဌာပနာပုံတို့ကို တစ်ကန့်စီ ခွဲခြားပြဆိုထားသည်။

ထို့နောက် ရှင်မဟာရဋ္ဌသာရသည် အသက် (၁၆)နှစ် အရွယ်တွင် ဘူရိဒတ်လင်္ကာကြီးကို စပ်ဆိုတော်မူပြီးနောက် ဟတ္ထိပါလဇာတ်ပျို့ကို ရေးသားစီကုံးပါဟု ဒုတိယမင်းခေါင်နှင့် တောင်နန်းစံမိဖုရားကြီး အတုသီရိဓမ္မဒေဝီ အပေါင်းတို့အား နားတန်ဆာဆင်စိမ့်သောငှာ သက်တော် (၂၆)နှစ်တွင် ရေးသားစပ်ဆိုတော်မူခဲ့လေသည်။

ရှင်မဟာရဋ္ဌသာရ ရေးသားသီကုံးခဲ့သော ကဗျာလင်္ကာများမှာ အပျောင်းအနွဲ့ အယဉ်အကျေးမှစ၍ သာယာနာပျော်ဖွယ် ရှိစေရန် အမျိုးမျိုးအဖုံဖုံ ဆန်းကြယ်သော ဘာသာဝေါဟာရတို့ဖြင့် တန်ဆာဆင်၍ ရေးသားခဲ့လေသည်။ ထို့ကြောင့် ရှင်မဟာရဋ္ဌသာရ၏ ကဗျာလင်္ကာများကို ဖတ်ရှုရသည့်အခါ ရှင်မဟာရဋ္ဌသာရ၏ စိတ်နေစိတ်ထားများကို ဖတ်ရှုသူတိုင်း စိတ်၌ပင် ထင်မြင်လာစေ၏။

ရှင်မဟာရဋ္ဌသာရသည် စတုဓမ္မသာရ ကိုးခန်းပျို့ကို မည်သည့်ခုနှစ်သက္ကရာဇ်တွင် ရေးသားခဲ့ကြောင်း အသေအချာ မသိရပါ။ မင်္ဂလာစေတီတော် ဒါယကာ ဒုတိယမင်းခေါင် တောင်းပန်သောကြောင့် ရေးသားဖွဲ့ဆိုခဲ့ခြင်း ဖြစ်ရကား သက္ကရာဇ် ၈၄၂ မှ ၈၆၃ ခုနှစ်အတွင်း ရေးသားပေမည်ဟု မှတ်ယူရပေသည်။ သက္ကရာဇ် ၈၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၁၂)ရက် စနေနေ့ (ရွှေနန်းကြော့ရှင် နရပတိလက်ထက်) တွင် ပုရပိုက်ပေါ်၌ ရေးသားပြီးစီးကြောင်းကိုကား စတုဓမ္မသာရ ကိုးခန်းပျို့ နိဂုံးလင်္ကာအရ သိသာထင်ရှားတော့သည်။

ပညာသင်ယူခဲ့သော ရွှေဥမင်ကျောင်း ကဗျာ့ဝိဒူ၊ ကဗျာ့ပါရဂူဖြစ်သော ရှင်မဟာရဋ္ဌသာရ ပြုမူခဲ့သမျှ ကဗျာများအနက် စတုဓမ္မသာရ ကိုးခန်းပျို့ကဗျာသည် အကောင်းဆုံးဖြစ်သည်။ သဒ္ဒါလင်္ကာရ၊ အတ္တာလင်္ကာရတို့ဖြင့် အဆန်းတကြယ် ဉာဏ်စွမ်းကုန် မွမ်းမံခြယ်လှယ်ကာ ဖွဲ့ဆိုထားသည်ဖြစ်ရာ ကဗျာ့ဂုဏ်ရည် ထွန်းတောက်လှပါသည်။ အပြစ်ဒေသတို့မှ ကင်းစင်ပြီးလျှင် ဂုဏ် (၁ဝ)ပါး၊ ရသ(၉) ပါးတို့ဖြင့် ပြည့်စုံလှသည့် အားလျော်စွာ ပညာဆည်းပူးသူ အပေါင်းတို့မှ မှီငြမ်းပြုရာ ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာလျက်ရှိပေသော ပညာပဒေသာပင်ကြီးဟု ဆိုထိုက်လှပေသည်။

ဥပမာ၊ ဥပစာတို့ဖြင့် စကားလုံးချင်း မထပ်စေမူ၍ တစ်မျိုးတစ်ဖုံစီ ဖွဲ့ဆိုစီကုံးထားရကား၊ ပဉ္စသီခနတ်မင်းသည် ဥသျှစ်မှည့်အဆင်းရှိသော ဗေဠုဝစောင်းတော်ကို ထံတျာတေးဖွဲ့၍ လေးတွဲ့နွဲ့နှောင်းစွာ သီဆိုတီးဘိသည့်အလား ဖတ်နာသူအပေါင်းတို့၏ ဟဒယနှလုံးအိမ်ကို လွန်ကဲစွာ ကြည်ရွှင်နှစ်လိုစေနိုင်တော့သည်သာ။

ဤကိုးခန်းပျို့သည် ဘုရားဟောဝီသတိနိပါတ်တော်လာ `ဟတ္ထိပါလ´ဇာတ်တော်ကို ဖွဲ့ဆိုထားခြင်းပင်ဖြစ်သည်။ ထိုပျို့ကို ဟတ္ထိပါလပျို့၊ စတုဓမ္မသာရပျို့၊ ကိုးခန်းပျို့ဟူ၍ အမည်သုံးပါးဖြင့်ခေါ်၏။ ကိုးခန်းဟူသည်ကား…

(၁) ဟတ္ထိပါလ တောထွက်ခန်း
(၂) အဿပါလ တစ်ခန်း
(၃) ဂေါပါလ တစ်ခန်း
(၄) အဇပါလတစ်ခန်း
(၅) ပုရောဟိတ်တစ်ခန်း
(၆) ပုဏ္ဏားမတစ်ခန်း
(၇) ဧသုကာရီတစ်ခန်း
(၈) မိဖုရားတစ်ခန်း
(၉) ခုနစ်ပြည်ထောင် ဇာတ်ပေါင်းတစ်ခန်းတို့ ဖြစ်သည်။

ဒုတိယမင်းခေါင်သည် သက္ကရာဇ် ၈၆၃ ခု၊ တန်ခူးလပြည့်ကျော် (၅) ရက်နေ့တွင် နတ်ပြည်စံတော်မူလေသည်။ သက္ကရာဇ် ၈၈၈ ခုနှစ် ဒုတိယမင်းခေါင် နတ်ပြည်စံ၍ (၂၅)နှစ်ရောက်မှ ဤ စတုဓမ္မသာရ ကိုးခန်းပျို့ကို နိဂုံးချုပ်ရသည်ဖြစ်၍ ရှင်မဟာရဋ္ဌသာရသည် ဒုတိယမင်းခေါင်နှင့် မိဖုရားခေါင်ကြီးတို့အား ရည်မှန်းတမ်းတ သတိရသောအားဖြင့်….

`မင်းစိုးဆွေစံ၊ ရွှေဘုံပျော်ညောင်း၊ ဗိမာန်ပြောင်းလည်း၊ ဇာတ်ပေါင်းပြီးချုပ်၊ စာကိုးအုပ်ဖြင့်၊ ထုပ်ထုပ်ပိုက်ပိုက်၊ သင်္ဂြိုဟ်လိုက်၏။ တိုက်ရိုက်နတ်နား၊ ကြားပါလေ၍ နားစေခလို၊ တောင့်တဆိုသည်၊ ကုသိုလ်ဝေငှ ဆင့်လောင်းတည်း´ဟူ၍ စတုဓမ္မသာရ ကိုးခန်းပျို့ နိဂုံးတွင် စပ်ဆိုထားလေသည်။

သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစလုံသည် မြန်မာပြည်အတွင်းသို့ ချဉ်းနင်းဝင်ရောက် တိုက်ဖျက်လေတော့သည်။ ပြည်ဘုရင် သတိုးမင်းစောလည်း မိုးညှင်းစလုံနှင့် ပူးပေါင်းပြီးလျှင် ပြည်ဘုရင်က ရေကြောင်း၊ မိုးညှင်စလုံက ကုန်းကြောင်းချီ၍ အင်းဝမြို့ကို တိုက်ခိုက်ချေတော့သည်။ အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလည်း အုန်းပေါင်းခုံမှိုင်းနှင့်ပေါင်း၍ အင်းဝမြို့တွင်းက ခံနှင့်၏။ သို့ငြားလည်း အားမတန်သည်နှင့် အင်းဝမြို့မှ ထွက်ပြီးလျှင် အရှေ့ဘက် ဆင်ခေါင်းဝက်ဝင်အရပ်သို့ ဆုတ်ခွာတော်မူရချေသည်။

မိုးညှင်းစလုံသည် ပြည်ဘုရင် သတိုးမင်းစောကို အင်းဝ၌ နန်းတင်ပြီးလျှင် (၃)ရက်ကြာသော် ဆင်ကောင်း၊ မြင်းကောင်း အများကို သိမ်းယူ၍ စစ်ကိုင်းဆိပ်သို့ကူးကာ ပြန်လေသည်။ မိုးညှင်းစလုံ ပြန်လေလျှင် ပြည်ဘုရင် သတိုးစောသည် ရွှေနန်းကြော့ရှင် နရပတိနှင့် အုန်းပေါင်းခုံမှိုင်းတို့ ဝန်းရံတိုက်ခိုက်မည်စိုးသဖြင့် အင်းဝမှ ပြည်မြို့သို့ စုန်တော်မူလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရွှေနန်းကြော့ရှင် နရပတိ သမီးတော် ရှစ်နှစ်အရွယ်ရှိ `သီရိဘုန်းထွဋ်´ကို တွေ့၍ ပြည်မြို့သို့ ခေါ်ဆောင်သွားတော်မူသည်။ ထို့အပြင် ရှင်မဟာရဋ္ဌသာရကိုလည်း တစ်ပါတည်း ပင့်ဆောင်သွားလေသည်။

ရှင်မဟာရဋ္ဌသာရသည် ပြည်မြို့သို့ ရုတ်တရက် လိုက်ပါတော်မူရသဖြင့် မိမိ တစ်ခန်းစီရေးဖွဲ့ထားသော ဟတ္ထိပါလပျို့ ရှစ်ခန်းကိုသာလျှင် စုဆောင်းယူဆောင်သွားနိုင်ခဲ့တော့သည်။ နဝမအခန်း (ဝါ) နောက်ဆုံးဇာတ်ပေါင်းခန်း အလုံးစုံကို သီကုံးထားသည့် ပုရပိုက်မှာမူ စစ်ကိုင်းမြို့ရှိ တပည့်များထံတွင် ကျန်ရစ်ခဲ့တော့သည်။ သို့ကလို (၇)နှစ်မျှ ပျောက်ကွယ်၍နေခဲ့ရာမှ စစ်ကိုင်းတွင် ကျန်ရှိနေသော ဇာတ်ပေါင်းခန်း ပုရပိုက်ကို ပြည်မြို့ ဆင်ဖြူရှင် သတိုးမင်းစောလက်ထက်တွင် မပျက်မစီးဘဲ ပြန်လည်ရရှိခဲ့လေသည်။

ပြည်မြို့သို့ ရောက်နေသော ရှင်မဟာရဋ္ဌသာရကို ပြည်ဘုရင် သတိုးမင်းစောသည် `မင်းတုန်း´မည်သော အရပ်တွင် ကျောင်းသုံးကျောင်း (ပုထိုးကျောင်း၊ တောင်ခွင်ကျောင်း၊ မင်းတုန်းကျောင်း)ကို အပ်လှူပြီးလျှင် မဟာသံဃရာဇ သာသနာပိုင် ခန့်တော်မူလေသည်။ ထို့နောက် ဆံတော်ရှင်ဘုရားမြောက်ဘက်တွင်လည်း ထီးဖြူရုံကျောင်းသစ်တစ်ဆောင်ကို ထပ်မံဆောက်လုပ်လှူဒါန်းတော်မူပြန်သည်။ နေ့စဉ်နေ့တိုင်း စားတော်ဦး ဟင်းနှစ်ခွက် ကပ်လှူသည့်အပြင် ဆောင်းဦးပေါက် တန်ဆောင်မုန်းလများတွင် ခင်းကျင်းမြဲဖြစ်သော ကထိန်ပွဲများ၌လည်း စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ချီးမြှင့်တော်မူသည်။ ထို့နောက် တပြက်သာအရပ်တွင် နောက်ထပ် ကျောင်းသစ်တစ်ဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းတော်မူပြန်သည်။ သို့ဖြစ်ရာ ရှေးဦးစွာလှူသော ပုထိုးကျောင်း၊ ဆံတော်ရှင်ဘုရား မြောက်ဘက်တွင် ထီးဖြူရုံကျောင်းတစ်ကျောင်း၊ တပြက်သာတွင် ကျောင်းတစ်ကျောင်း စုစုပေါင်း (၅) ကျောင်း လှူဒါန်းခြင်းကို ခံယူရရှိတော်မူလေသည်။

ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစော နတ်ပြည်စံလွန်တော်မူပြီးနောက် သက္ကရာဇ် ၈၈၈ ခုတွင် သားတော် ဘုရင်ထွေးသည် ခမည်းတော်အရိုက်အရာတော်ဖြစ်သော ရွှေထီးရွှေနန်းကို သိမ်းမြန်းစိုးစံ အုပ်ချုပ်တော်မူခဲ့သည်။ ဘုရင်ထွေးသည် မင်းဖြစ်ပြီး မကြာမီမှာပင် ပြည်မြို့အရှေ့ တာတစ်တောင်ကွာအရပ်တွင် ဆုတောင်းပြည့် မင်္ဂလာစေတီအနီး ရွှေနန်းတော်တမျှ ခမ်းနားကြီးကျယ်လှသော ဘုံကိုးဆင့်ရှိ ရွှေကျောင်းတော်ကြီးကို သစ်လုံးတိုင်ကြီးများဖြင့် တန်ဆာဆင်ကာ တန်ဆောင်း၊ ဇရပ်၊ သိမ်၊ ပိဋကတ်တော်တို့နှင့်တကွ ရှင်မဟာရဋ္ဌသာရအား အခွန်တစ်ထောင်ထွက် ဥယျာဉ် (၂)ရပ်ကိုလည်း လှူတော်မူသည်။

ရှင်မဟာရဋ္ဌသာရသည် အဆိုပါကျောင်းကြီး၌ တပည့်ရဟန်းသံဃာတို့အား စာပေပို့ချကာ သီတင်းသုံးတော်မူစဉ် ပြည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစော၏ သားတော် ဘုရင်ထွေးအား တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့် အရေးအရာများ၌ အလိမ္မာတိုးပွားစေရန် ရည်သန်၍ သက္ကရာဇ် ၈၉၁ ခု ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် `သံဝရပျို့´ ကို စပ်ဆိုပြီး ဆုံးတော်မူလေသည်။

ထိုအကြောင်းကို ရှင်မဟာရဋ္ဌသာရသည် သံဝရပျို့နိဂုံး၌ ….

`သက္ကရစ်သင်္ချာ၊ ရှစ်ရွာအစ၊ နဝအလယ်၊ နှောင်းဆွယ်ဧက၊ ပုဏ္ဏပြည့်ညီ၊ တီထီဆန်းတက်၊ ဆယ့်ငါးရက်ဝယ်၊ …. တိုင်းကားပြည်ရွာ၊ ချမ်းသာမြော်ရှု၊ ပြီးအောင်ပြု၍၊ ရှင်ဖြူ့ရှင်သား၊ မင်းတရားကို စိတ်ပြားလိမ္မာ၊ ပွားစိမ့်ငှာလျှင်၊ ဤစာကျေးဇူးဆပ်သတည်း´ဟူ၍ စပ်ဆိုထားတော်မူသည်။

ရှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် လောကလူသားတို့အား လောကရေး၊ ဓမ္မရေး၊ ရာဇရေးဟူသော အရေးသုံးပါးတို့တွင် တတ်သိလိမ္မာစေရန် ဂုဏ်မြောက်တင့်တယ်လှသည့် စာပေရတနာအဖြာဖြာကို ရေးသားပြုစုတော်မူခဲ့လေသည်။ ရေးသားပြုစုတော်မူခဲ့သော စာစုတို့မှာ….

ပျို့ ။  ။ ဘူရိဒတ်လင်္ကာကြီးပျို့၊ ဘူရိဒတ် ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ သံဝရပျို့။

မော်ကွန်း။ ။ `ကြားပိမ့်နတ်ရှင်´ ချီ တံတားဦး မင်္ဂလာစေတီတော်မော်ကွန်း၊ `သုံးဆယ့်နှစ်ပါး´ ချီ တံတားဦးမင်္ဂလာစေတီမော်ကွန်း၊ ပုံတော်ပုံတောင်နိုင်မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း၊ မင်္ဂလာအောင်ပွဲတော်ပွဲ ရည်တက်မော်ကွန်း၊ ရတနာပူရ မြို့တည်မော်ကွန်း၊ ဝတ်ရုံကျောင်းဘွဲ့မော်ကွန်း။

လင်္ကာ ။ ။ နဝဘာအင်းဆိုနည်းလင်္ကာ၊ ဒုတိယမင်းခေါင် ရွှေနန်းတက်လင်္ကာ၊ ရွှေစက်တော်သွား တောလားလင်္ကာ၊ ရွှေစက်တော်ရာ ဘုရားရှိခိုးလင်္ကာ၊ ကျောင်းသား သာမဏေတို့အား ဆုံးမစာလင်္ကာ၊ ရွှေနန်းကြော့ရှင်ထံ ဆက်သွင်းသည့် မျက်ဖြေလင်္ကာ၊ ကုက္ဏုဋင်္ဂါသျှတ္တရာလင်္ကာ၊ `စာသင်ပထမ´ ချီသတ်ပုံလင်္ကာ။

ဧကပိုဒ် ။ ။ ပဒုမ္မာကြာဆိုနည်းဘုရားဘွဲ့ရတု၊ မုတ္တာရွဲသီဆိုနည်းမယ်ဘွဲ့ရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့်ဆိုနည်း မယ်ဘွဲ့ရတု၊ ဘုရင့်ထံဆက်သွင်းသည့် ရတုများ၊ ရှင်မဟာသီလဝံသ၏အမေးကို ဖြေဆိုသော ရတု၊ စာသင်သားတို့အား ဆုံးမစာရတု၊ သိကြားတိုင်ရတု။~~~~~

ပိုဒ်စုံရတု။ ။ `တောင်ထဲတွန့်မယ်ဘွဲ့ရတု၊ သန်လျက်ချနည်း မယ်ဘွဲ့ရတု၊ ဘုရားတိုင်င်နှင့် ရိုးရိုးမယ်ဘွဲ့ရတုများ၊ ပဒုမ္မာကြာဆိုနည်း မောင်ဘွဲ့ရတု၊ ရခိုင်ပြည်မှ မြန်မာပြည်သို့ တမ်းတရတု၊ ဒုတိယမင်းခေါင်ထံဆက် ပရိတ်သစ္စာတိုင်ရတု၊ မေတ္တာစာရတု၊ သီရိသင်္ခယာသို့ပေး မေတ္တာစာရတု၊ ပြည်မြို့ ဝံတောင်လယ် ဘုန်းတော်ကြီးသို့ လျှောက်မေးသည့် ရတုများ။

ကျောက်စာ။ ။ နရပတိမင်းကြီး၏ သမီးတော် ရွှေအိမ်သည်မင်းသမီး ဆောက်လုပ်လှူဒါန်းခဲ့သည့်`ရတနာ့ဗိမာန်´ကျောက်စာ၊ တံတားသီးမင်္ဂလာစေတီတော် ကျောက်စာ စသည်တို့ဖြစ်သည်။

ရှင်မဟာရဋ္ဌသာရဆရာတော်သည် သက္ကရာဇ် ၈၉၂ တွင် ပြည်မြို့၌ပင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော် အလှည့်ကျ သီတင်းသုံးခဲ့သော ကျောင်းကြီးများတွင် မည်သည့်ကျောင်း၌ ပျံလွန်တော်မူခဲ့ကြောင်း ခိုင်မာသည့် စာပေ အထောက်အထား ယနေ့တိုင် မတွေ့ရသေးပေ။

သို့သော် သံဃရာဇာ သာသနာပိုင်လည်းဖြစ်၊ မင်းဆရာလည်းဖြစ်၊ တပည့်များစွာ ပေါများသော ကျော်ကြားလှသည့် စာဆိုကျော် အရှင်မြတ်အတွက် ရှေးရိုးစဉ်လာ တွေ့ရှိနေကျဖြစ်သော အရိုးအိုးစေတီရှိရပေမည်။ ဆရာတော်၏ အရိုးအိုးစေတီနှင့် ပတ်သက်သည့် စာပေအထောက်အထားတစ်ခုကို ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့ထုတ် သူရိယ သတင်းစာတွင် မှော်ဘီဆရာသိန်းက `ပြည်မြို့ ရှင်မဟာရဋ္ဌသာရ အရိုးအိုးဂူ´ဟု ဆောင်းပါး၌ ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်။ ယခုအခါ ဆောင်းပါးပါ ဓာတ်ပုံမှာ အရိုးအိုးစေတီ၏ အောက်ခြေ အုတ်ခုံမျှသာ ကျန်ရှိနေသည်ကို တွေ့ရသည်။ `ရှင်မဟာရဋ္ဌသာရ သရေခေတ္တရာ သမိုင်းဝင်နေရာများ စာတမ်း´ ၌ ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ အရိုးအိုးစေတီနှင့် ပတ်သက်၍ ပြည်မြို့ သက်ကြီးရွယ်အို လူပုဂ္ဂိုလ်အချို့ထံ စုံစမ်းမေးမြန်း လျှောက်ထားရာ ၁၉၆၂ ခုနှစ်က သက်တော် (၇၀)အရွယ် ဓမ္မကထိက ဆရာတော်ကြီး ဦးဝိဇယ ဆရာတော်ကြီးက ပြည်မြို့ ဆရာတော်ကြီးများတွင် ရာဇဝင်လိုက်စားသည့် ရာဇဝင်ကျော် သုဒဿနဆရာနှင့် ကိုရင်ဘဝက အတူသီတင်းသုံးစဉ် ယခုအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားရာအနီးတွင် စေတီပျက်အုတ်ခုံသဖွယ် နေရာကို တွေ့ရှိပြီး၊ ထိုစေတီသည် ရှင်မဟာရဋ္ဌသာရ အရိုးအိုးစေတီဖြစ်ကြောင်း ဆရာတော် သုဒဿနက ပြောပြခဲ့သည့်အပြင် ဝါဝင်ဝါထွက်များ၌ အမှိုက်သရိုက်များ ရှင်းလင်း၍ ပန်း ဆီမီးပူဇော်ခဲ့သည်ကို ကြုံခဲ့ရဖူးကြောင်း မိန့်ကြားခဲ့သည်။ ထိုစကားမိန့်ဆိုချက်ကို နာဠာဂီရိဆရာတော်ကြီးကလည်း အလားတူစွာ ထောက်ခံခဲ့သည့်အပြင် မူလကံဦးကျောင်းဆရာတော်ကြီး၏ တပည့်တပန်း သက်ကြီးရွယ်အိုအချို့တို့ကလည်း လက်ရှိတွေ့မြင်နေရသည့် အရိုးအိုးစေတီဖြစ်သည်ဟု ပြောကြသည်´ကို ဖော်ပြထားပေသည်။

ယခုအခါ ဆရာတော်ကြီးများ ညွှန်ပြသောနေရာတွင် ယခင်လှည်းလမ်းကြောင်းမှ ရေစီးမြောင်းဖြစ်ပြီး၊ ရေစီးမြောင်းမှ တောနက်သော ချောင်းဖြစ်နေပြီး၊ အရိုးဂူစေတီမှာ ချောင်းထဲသို့ ပြိုကျပျက်စီးလျက်ရှသည်ကို တွေ့ရသည်။ အုတ်ခုံပလ္လင်၌ အသုံးပြုထားသော အုတ်အရွယ်အစားမှာ အလျား ၁၄ လက်မ၊ အနံ ၇ လက်မ၊ ထု ၂ လက်မ ရှိသည်။ ထို့ကြောင့် ၄င်းအုတ်ချပ်များကို ကြည့်ခြင်းဖြင့် အင်းဝခေတ်အုတ်ဖြစ်ကြောင်း သက်သေခံလျက် ရှိနေပေသည်။

ချောင်းရေတိုက်စားသဖြင့် ကြာလျှင် အုတ်အစအနများပင် တွေ့ရတော့မည်မဟုတ်ပေ။ ထိုအကြောင်း ရွှေဘုန်းပွင့်စာကြည့်တိုက် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အသင်းမှ အရိုးအိုးစေတီတည်ရှိရာနေရာနှင့် ၁၀ ပေခန့်အကွာ ချောင်းကမ်းဘေးတွင် အထိမ်းအမှတ် ယာယီအုတ်တိုင်တစ်ခုကို မြန်မာသက္ကရာဇ် ၁၃၂၇ ခု၊ နတ်တော် လဆန်း ၁ ရက် (၁၉၆၅ ခု၊ နိုဝင်ဘာလ ၂၄ ရက်)နေ့တွင် စိုက်ထူထားခဲ့သည်။ အထိမ်းအမှတ်တိုင်တွင် ရှင်မဟာရဋ္ဌသာရအရှင်မြတ် ပြည်မြို့ရောက် ဖြစ်စဉ်အကျဉ်း၊ တစ်ဖက်တွင် သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ အက္ခရာရှစ်လုံးပါရှိသည့် ဆရာတော်၏ဆုံးမစာလင်္ကာနှင့် မူလအုတ်ဂူနေရာသို့ ညွှန်းဆိုထားသည့် စာတမ်းတို့ကို ရေးထိုးထားသည်။

ယခုအခါ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ အထိမ်းအမှတ် ကျောက်စာတိုင်ပင် ပျက်စီးယိုယွင်းနေသဖြင့် ပြည်မြို့ ရွှေဘုန်းပွင့် စာကြည့်တိုက် ပိဋကတ်တိုက်နှင့် ကျောက်စာကပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်၍ ၂ဝဝ၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အင်းဝခေတ် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ အရှင်သူမြတ်အား အမှတ်တရပူဇော်ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ ရွှေမောင်းတုန်းတောရကျောင်းတိုက်တွင် ကျင်းပခဲ့လေသည်။

မည်သို့ဆိုစေ စာဆိုကျော် ရှင်မဟာရဋ္ဌသာရအရှင်သူမြတ် ရေးသားခဲ့သော စာပေကဗျာ လင်္ကာများမှာ လောကအကြောင်း၊ ဓမ္မအကြောင်း၊ ရာဇအကြောင်းတို့ကို သုတိသာယာသော စကားလုံးတို့ဖြင့် ဖွဲ့နွဲ့တန်ဆာဆင် ထားသောကြောင့် ဖတ်ရှုရသူအပေါင်းအား ဆရာတော်အရှင်သူမြတ်၏ စေတနာစိတ်ထားကို စိတ်၌ပင် ထင်မြင်လာစေသည်။ ထို့အပြင် `အကျွတ်ဘယ်မှာ ဝေးတော့မည်´ကဗျာ၌ စာသင်သားတို့အား `သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ´ဟူသော အက္ခရာရှစ်လုံးကို အမြဲစားသုံးစေလို၏။ ထိုအက္ခရာသည် စိန္တာမဏိဂါထာကဲ့သို့ လိုရာပြီးမြောက်သည့်အပြင် နောက်ဆုံး၌ နိဗ္ဗာန်သို့ပင် ရောက်နိုင်ကြောင်းကို ပြဆိုထားသောကြောင့် ဖတ်ရှုရသူအပေါင်းအား တန်ဖိုးမဖြတ်နိုင်အောင်ပင် ကျေးဇူးကြီးများလှပေသည်။

သန်းဝင်းလှိုင်

စာကိုး
------
၁။ ဒဂုန်နတ်ရှင် မြန်မာစာပြုစာဆိုပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်၊ ရန်ကုန် မခင်ရီစာအုပ်တိုက်၊ (ပ-ကြိမ်)၊ ၁၉၆၂
၂။ ဗိုလ်မှူးဘသောင်း စာဆိုတော်များအတ္ထုပ္ပတ္တိ ရန်ကုန် ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀၀၂။
၃။ လှသမိန် ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ် ဟံသာဝတီပုံနှိပ်တိုက်၊ (ပ-ကြိမ်) ၁၉၆၁။
၎။ မြန်-စာ-ပြန့် ရှင်မဟာရဋ္ဌသာရ (၈၃၀-၈၉၂) ၁၉၆၈ ဇူလိုင်။
၅။ ပြည်မြို့ ရွှေမောင်းတုန်းစေတီတော်မြတ်ကြီး၏ သမိုင်းအချက်အလက်များ၊ ပြုစုတင်ပြခြင်းစာတမ်း ၁၉၉၂ ခု၊ ဇန်န၀ါရီ။
၆။ ရှင်မဟာရဋ္ဌသာရ၏ သရေခတ္တရာ သမိုင်းဝင်နေရာများ စာတမ်း၊
၁၉၆၈ ဇူလိုင် ၂၄။

တစ်ပတ်အတွင်းလူကြည့်အများဆုံး